လယ်သမားဘဝမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ပထမအကြိမ် ပညာပေးသင်တန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွှေဂုံတိုင်ဌာနချုပ်မှာ ဧပြီ ၂၆ ရက် ဒီကနေ့ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

2011.04.26
farmer_woman_work_305_z.jpg လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တိုင်းပြည်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ လယ်သမားထု တိုးတက်ရေးအတွက် အခုလို ပညာပေးသင်တန်းတွေ စီစဉ်တာဖြစ်တယ်လို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမှာ ပြောကြားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ အဆင့်အတန်းကို တကယ် မြှင့်တင်ချင်တယ် ဆိုလို့ရှိရင် လယ်သမား တွေရဲ့ ဘဝအဆင့်အတန်း မြှင့်တင်ဖို့ လိုအပ်တယ်တဲ့၊ ဘာကြောင့်ဆိုတော့ လယ်သမားတွေဟာ မြန်မာနိုင်ငံရဲ့ အများစု ဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ လယ်သမားများကို ပညာပေး သင်တန်း ခေါ်ပြီးတော့ ပေးတာ ဖြစ်တယ်တဲ့။ ဒီသင်တန်းက ရရှိတဲ့ အတွေ့အကြုံတွေကို သက်ဆိုင်ရာ လယ်သမားထု တိုးတက်ရေးအတွက် ဆက်လက်ပြီးတော့ အသုံးချသွားကြပါတဲ့။”

“လယ်သမားများ လက်ရှိ ကြုံတွေ့နေရတဲ့ တခြား သိသင့် သိထိုက်တဲ့ အချက်တွေ ကူညီပေးဖို့ လိုအပ်တဲ့ အချက်တွေ ဘာတွေ ရှိရင်လည်းပဲ တတ်နိုင်ရင် ဆောင်ရွက်ပေးမယ်တဲ့။ အဲဒါတွေလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါတဲ့၊ အဲလိုပြောတယ်။ ပြီးတော့ လယ်သမားများ၊ အထူးသဖြင့်တော့ လယ်သမားများ သားသမီး ပညာရေး မြှင့်တင်ဖို့အတွက်လည်း တကဲ့ ရည်ရွယ်ချက်ထားပြီးတော့ ကြိုးစားနိုင်အောင် ဆောင်ရွက်ကြရမယ်လို့ အဲဒီလို နှုတ်ခွန်းဆက်စကား ပြောပါတယ်။”

သင်တန်းကာလ သုံးရက်အတွင်း လယ်ယာစိုက်ပျိုးမှု၊ ဓာတ်မြေသြဇာ သုံးစွဲမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆက်စပ်နေတဲ့အကြောင်း ပညာပေးဟောပြောမှာ ဖြစ်ပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က တောင်သူလယ်သမား ၃၈ ဦး တက်ရောက်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီသင်တန်းဟာ တောင်သူလယ်သမားတွေအတွက် NLD အနေနဲ့ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့တာပါ။ သင်တန်းကာလအတွင်း လယ်ယာ စိုက်ပျိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေး ဆောင်ရွက်နေတဲ့ ဒေါက်တာ ဖုန်းဝင်း၊ ဦးအောင်ကြည်ညွန့် စတဲ့ ပညာရှင်တွေ တက်ရောက် ဟောပြောမယ်လို့ သိရပါတယ်။

အလားတူပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်တွေလည်း လာရောက် ကူညီဖို့ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာ ဟောင်ကောင်တက္ကသိုလ်က မြန်မာပညာရှင် ဒေါက်တာကျော်ရင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံပြီး လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းမှာ ပါဝင်ကူညီဖို့ ကမ်းလှမ်းသွားပါတယ်။ ဒါကြောင့် လာမဲ့ ဇွန်လအတွင်း သင်တန်းတွေ စီစဉ် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြန်ကြားရေး တာဝန်ခံဦးအုန်းကြိုင်က RFA ကို ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။