NLD ပါတီတရားဝင် ရပ်တည်ခွင့် အတွက် နေပြည်တော်မှာ လျှောက်လဲ
2011.01.24
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖက်က လျှောက်လဲချက် တင်သွင်းသလို၊ စစ်အစိုးရဘက်က ရှေ့နေတွေကလည်း လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖက်က ရှေ့နေကြီး ဦးကြည်ဝင်း ကိုယ်တိုင် တင်သွင်းခဲ့ကြောင်း၊ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ လျှောက်လဲချက်ပေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
နှစ်ဘက်လျှောက်လဲချက်တွေ တင်သွင်းပီးတဲ့နောက် တရားရုံးချုပ်ကနေ စီရင်ချက်ချမှာ ဖြစ်ပါတယ်။
စီရင်ချက် ချမယ်နေ့ကို တရားရုံးက ဒီကနေ့သတ်မှတ်ပြောဆိုလိုက်ခြင်းမရှိဘဲ၊ ရက်ချိန်းကို သီးသန့် အကြောင်းကြားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါဟာ ပထမ တရားရုံးက လက်ခံရေးအဆင့် အတွက် လျှောက်လဲချက် တင်သွင်းတာ ဖြစ်ကြောင်းနဲ့ ဥပဒေ အမြင်အရတော့ လက်ခံလိမ့်မယ်လို့မျှော်လင့်ရကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ရှေ့နေကြီး ဦးကြည်ဝင်းနဲ့အတူ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးတို့လည်း နေပြည်တော်ကို လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိပါတယ်။









