NLD တရားဝင်ရပ်တည်နေကြောင်း ပါတီဝင်များကို အကြောင်းကြား

NLD ပါတီ တရားဝင် ရပ်တည်လျက် ရှိကြောင်း တရားစီရင်ရေးလမ်းကြောင်းအရ သွားနေတာ ဖြစ်တယ်လို့ ပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ ပါတီဝင်တွေကို အသိပေးအကြောင်းကြားစာကို ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဖြန့်ဝေလိုက်ပါတယ်။

2010.10.14
nyan_win_nld_court_305_z.jpg ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း အောက်တိုဘာ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ် အပြင်တွင် သတင်းသမားများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ NLD ပါတီကို စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာသဖြင့် စစ်အစိုးရအား NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်း ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

NLD ပါတီ ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ အပတ်အတွင်းက စစ်အစိုးရကို တရားစွဲခဲ့တာမှာ ဗဟိုတရားရုံးက လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ရရှိခဲ့ပါတယ် ဒါပေမဲ့ အခုနှစ် ဧပြီလက NLD ပါတီက စစ်အစိုးရကို တရားစွဲခဲ့တာကို ကျိုးကြောင်းဆီလျော်မှု မရှိဘူးဆိုပြီး ပယ်ချခံခဲ့ရပါတယ်၊ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခုလိုပြောပါတယ်။

“အရင်တည်းက ကျွန်တော်တို့ တရားစွဲဖို့ အမျိုးမျိုး ကြိုးစားတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ မပြီးမပြတ်နဲ့ ပြန်ပေးတယ်။ အခု ကျွန်တော်တို့ စွဲလိုက်တဲ့အခါမှာ အဲ မှတ်ပုံတင် ပေးတယ်။ Register နံပါတ်ပေးတယ်။ ကျွန်တော်တို့ ကြားနာဖို့အဆင့် ရောက်သွားတယ်။ နောက် ဒီအခြေအနေတွေကို ဖော်ပြတာတချက်၊ နောက်ပြီးတော့ ဒီ တရားစွဲတာဟာ NLD ရပ်တည်ရေးအတွက် စွဲနေတာ။ ကျွန်တော်တို့ judicial process ပေါ့။ တရားစီရင်ရေး လမ်းကြောင်းက သွားနေတယ်။ ဒါကြောင့် NLD က ဥပဒေမှာ ဖော်ပြသလို ပျက်ပြယ်ခြင်း မရှိဘူး။ ရပ်တည်လျက် ရှိတယ်ဆိုတာကို အသိပေး အကြောင်းကြားတာပါ။”

ဒီကနေ့ စတင်ဖြန့်ဝေလိုက်တဲ့ ဖြန့်ဝေစာနဲ့ ပတ်သက်ပြီး ပြောပြတာပါ၊ ပါတီက တရားစွဲတဲ့ ကိစ္စကို တရားရုံးက လက်ခံပြီးတဲ့ နောက်လုပ်ထုံးလုပ်နည်းအရ ၂ပတ်အတွင်း အပြန်အလှန် လျှောက်လဲခွင့် ရရှိနိင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တချိန်တည်းမှာပဲ NLD ပါတီရဲ့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် သွားရောက်နေတဲ့ ဦးအုန်းကြိုင်၊ ဦးအေးသာအောင်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ မွန်းလွဲ ၂ နာရီခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ကို ရောက်ရှိပြီး ညနေပိုင်းမှာ မြို့နယ်အတွင်း ပါတီဝင် ၅၀ ခန်နဲ့ တွေ့ဆုံပါတယ်။ အဖွဲ့မှာ လိုက်ပါလာတဲ့ လူငယ်တာဝန်ခံ ကိုမျိုးညွန့်က ခုလိုပြောပါတယ်၊

“ကျွန်တော်တို့ ကချင်ပြည်နယ် မိုးညှင်းကို ရောက်နေတယ်ဗျ။ မိုးညှင်းမြို့နယ်က ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကျွန်တော်တို့ ဗဟိုက ဦးအုန်းကြိုင် ဦးဆောင်တဲ့ ကျွန်တော်တို့အဖွဲ့က လာပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ သပိတ်မှောက်တဲ့ အကြောင်းတွေ၊ နောက် ကျွန်တော်တို့ အဖွဲ့ချုပ်ကြီးရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ကျွန်တော်တို့ ပြောဆိုဆွေးနွေးတာ ဖြစ်ပါတယ်။”

အဖွဲ့ဟာ မိုးညှင်းကတဆင့် ဒီကနေ့ ညပိုင်းမှာ မြစ်ကြီးနားမြို့ကို ခရီးဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။