“ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်ဖို့ ဆိုရင် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်တဲ့ ခရီးသွားလာရေး အေးဂျင့်တွေ၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေ၊ ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်နဲ့ ဧည့်ဂေဟာတွေ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေ၊ နိုင်ငံခြား ခရီးသွားများ ကိုယ်တိုင်က ပါဝင်ပူးပေါင်းမှုပေါ်မှာပဲ တည်တယ်။”
“အဲဒီတော့ ဒီကိစ္စဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတခု ဖြစ်တော့ကာ ခရီးသည်တွေ များပြားအောင် ဆိုပြီးတော့ စည်းရုံးဆွဲဆောင်တဲ့ ကိစ္စဟာလည်းပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့က အတော့်ကို အတိမ်းအစောင်း မခံအောင် ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက်ကြောင့် အတော် သတိထားပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်တယ်။ အခု တချို့ကိစ္စတွေမှာ ခရီးသွားလုပ်ငန်းကို တိုးချဲ့ရေးဆိုတာကို အာရုံစိုက်ပြီးတော့ အလွန်ပေါ့လေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေကို ထည့်မတွက်ပဲနဲ့ လုပ်ရင်တော့ ဒါဟာ ပြုပြင်လို့ ခက်တဲ့ ဆိုးကျိုးတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်။”
ဒီကြေညာချက်မှာ ကမ္ဘာ့လှည့်ခရီးသွားတွေ အထူးနှစ်သက်တဲ့ အင်းလေးကန်ကြီးဟာ ဂေဟ စနစ် ချို့ယွင်းမှုကြောင့် ရေမျက်နှာပြင် ကျဆင်းလာခဲ့တာကို ဥပမာပေး ထောက်ပြပြောဆိုပြီး ဒီကိစ္စကို အထူးအလေးပေးဖို့ လိုကြောင်း ဖော်ပြထားပါတယ်။ ကြေညာချက် နိဂုံးပါ NLD ရဲ့ ခရီးသွားလာရေး ဆိုင်ရာ မူဝါဒ နဲ့ပတ်သက်လို့လည်း ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလို ရှင်းပြပါတယ်။
“အဲဒီတော့ အဖွဲ့ချုပ်အနေနဲ့လည်း သာမန် ပြည်သူတို့ရဲ့ သက်သာချောင်ချိရေးကို မြှင့်တင်လျက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အားပေးပြီး၊ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေး ဘဝတို့ကို ရှုမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မိမိတို့ရဲ့ အပန်းဖြေရက်တွေကို ဖြတ်သန်းလိုတဲ့ ခရီးသွားများကို ကြိုဆိုပါတယ်လို့ အဲဒီလို ဖော်ပြထားပါတယ်ခင်ဗျ။”
ဦးအုန်းကြိုင် ပြောပြသွားတာပါ၊ ဒီကြေညာချက်ပါ ခရီးသွားတွေ ဆိုတာဟာ ပြည်တွင်းပြည်ပ ခရီးသွားအားလုံးကို ဆိုလိုကြောင်းလည်း သိရပါတယ်။
ကြေညာချက်ပါ NLD ရဲ့ ခရီးသွားလာရေးဆိုင်ရာ မူဝါဒသစ်နဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို RFA အဖွဲ့သား ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။