မွန်ပြည်သစ်နဲ့ ကေအန်ယူ ပူးပေါင်းပြီး လူထုတေ့ွဆုံပွဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်


2018.03.14
nmsp-knu-leaders-meeting-622.jpg မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး နှစ်ဖက်ခေါင်းဆောင်တွေ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ဓါတ်ပုံ - မန် Mon မွန် နှင့်ပြည်ထောင်စုအမွေဆိုင်များ

မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား ပဋိပက္ခတွေ၊ တိုက်ခိုက်မူတွေ လျော့ပါးစေဖို့အတွက် နှစ်ဖက် တပ်ဖွဲ့ခေါင်းဆောင်တွေ ပူးပေါင်းပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတွေ ပြုလုပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

သစ်ခိုးထုတ်မူကြောင့် ဖမ်းဆီးခံထားရတဲ့ ရွာသားတစ်ဦးကိစ္စ အပါအဝင် နှစ်ဖက် ပစ်ခိုက်တိုက်ခိုက်မှု လျော့ပါစေရေး အတွက် မတ်လ ၁၃ ရက်နေ့ မနေ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ မွန်ပြည်သစ် ပါတီ နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ ကပြောပါတယ်။

"ပဋိပက္ခတွေ လျော့ပါးအောင်တော့ နှစ်ဖက် တပ်ဖက်က တာဝန်ရှိတဲ့သူတွေပေါ့လေ ပူးတွဲပြီးတော့ ပူးပေါင်း ပြီးတော့ လူထုနဲ့ လိုက်လံတွေ့ဆုံရှင်းလင်းပွဲတွေ လုပ်မယ်၊ အဲဒီသဘောထားတွေတော့ ကျနော်တို့ ချနိုင်ခဲ့တယ် ။ နောက်မကြာမကြာ ထပ်တွေ့ကြမှာပေါ့ ။ အဲဒီသစ်ခိုးတဲ့ကိစ္စကျတော့ ကျနော်တို့ ကြပ်မတ်မှရမယ် သစ်ခိုးထုတ်မူ တွေ မဖြစ်အောင်လုပ်ရင်တော့ ဒီပြဿနာတွေ ပေါ်လာစရာအကြောင်းမရှိဘူး။ သစ်ခိုးထုတ်တဲ့သူတစ်ယောက် ပေါ့ မနေ့က ပြန်လွှဲလိုက်တယ်၊ ဒီလထဲမှာ မနေ့က တစ်ယောက်ပေါ့"

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလည်း ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ မာန်အောင်ကျေးရွာ အရှေ့ဘက်က သစ်ခိုးထုတ် သူ အယောက် သုံးဆယ်ကျော်ကို ဖမ်းဆီးပြီး KNU ကို ပြန်လွှဲပေးခဲ့တယ်လို့ နိုင်ဝင်းလှ က ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင် ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ မွန်ပြည်သစ် ပါတီ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း ဦးဆောင်တဲ့ အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်ဖြစ်တဲ့ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီနဲ့ KNU အဖွဲ့တို့ဟာ နယ်နိမိတ် အငြင်းပွားမူ အပါအဝင် သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မကြာခဏ တိုက်ခိုက်မူတွေရှိခဲ့သလို ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းကလည်း နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။