မွန်ပြည်သစ်နဲ့ လားဟူအစည်းအရုံး အပစ်ရပ်လက်မှတ် ရေးထိုးမည်


2018.01.23
dassk-nmsp-ldu-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ခေါင်းဆောင်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
Photo: Zaw Htay Facebook

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင် လက်မှတ်ရေးထိုးသွားမယ်လို့ အဲဒီအဖွဲ့ နှစ်ဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အဲဒီအဖွဲ့ ၂ဖဲ့ွခေါင်းဆောင်တွေ က ပြောကြားခဲ့တာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး ခေါင်းဆောင်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ မနက်က သီးခြားစီတွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ NCA လက်မှတ်ထိုးမယ့်ကိစ္စ၊ လက်မှတ်ထိုးပြီးရင် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ဆွေးနွေး ကြပြီး နှစ်ဦးနှစ်ဖက်ကျေနပ်တဲ့အတွက် အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။

ငြိမ်းချမ်းရေးကို အဓိကဦးစားပေးဆောင်ရွက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ နိုင်ငံတာဝန်ယူအပြီး ၂ နှစ်နီးပါးအကြာမှာ အပစ်ရပ်လက်မှတ်ရေးထိုးမယ့်အဖွဲ့ ၂ဖွဲ့ ထွက်ပေါ်လာတာပါ။ အခုလိုလက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်ထောင်စုသားအားလုံးက ဝမ်းမြောက်ဂုဏ်ယူပြီး ကျေးဇူးတင်မှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦးCNF၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အပါအဝင် အဖွဲ့ ၈ ဖွဲ့က အပစ်ရပ်လက်မှတ်ရေး ထိုးခဲ့ပါတယ်။

အစိုးရဟာ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ ကေအိုင်အေ အပါအဝင် မြောက်ပိုင်းအဖွဲ့တွေ၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။