မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲတွေ ပြန်လည်ကျင်းပခွင့်ရရေး ညှိနှိုင်းမှု ပြေလည်

2018-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်တွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့စဉ်
မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်တွေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့စဉ်
Photo: Myanmar State Counsellor Office

ရပ်ဆိုင်းထားတဲ့ မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲတွေ ပြန်လည်ကျင်းပခွင့်ရဖို့ ညှိနှိုင်းမှု ပြေလည်သွားတယ်လို့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်က ဒီနေ့ ပြောပါတယ်။

တပ်မတော်ဘက်နဲ့ ဆက်သွယ်ညှိနှိုင်းချက်တွေအရ ပြေလည်သွားတာလို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ပြောပါတယ်။

"အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ညွှန်ကြားချက်က ချက်ချင်းရောက်ချင်မှ ရောက်တာလေ၊ ငြိမ်းချမ်းရေးကော်မရှင် ဆိုတာလည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြားထဲမှာ ညှိနှိုင်းပေးရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက် ကျွန်တော်တို့က ညှိနှိုင်းလိုက်တဲ့အချိန်မှာ တပ်ချုပ်ကြီး ဆီရောက်ချင်ရောက်မှာပေါ့၊ တပ်ချုပ်က ညွှန်ကြားလိုက်တာ အဆင့်ဆင့်ညွှန်ကြားမှာပေါ့၊ ညွှန်ကြား တာမှာ ဟိုဘက်ကလုပ်တဲ့အချိန်မှာ ကြားထဲမှာ’  ဟ ‘ သွားမှာပေါ့၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ အနေနဲ့ရော၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးကလည်း တပ် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် သူတို့ကနေ ဆက်သွယ်ညှိနှိုင်းလိုက်တဲ့အတွက် အဆင်ပြေသွားတာပေါ့’’

မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ  ၁၃ ရက်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီဟာ လာမယ့်တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အကြိုလူထုတွေ့ဆုံပွဲတွေကို မွန်ပြည်သစ်ပါတီအခြေစိုက်တဲ့နေရာ ၅နေရာမှာ လူဦးရေ ၂၀၀ ကျော်လောက်စီနဲ့ မတ်လ ၁၀ရက်နေ့ကနေ ၂၇ရက်နေ့အတွင်း ကျင်းပဖို့ လျာထားတာပါ။

လူဦးရေအကန့်အသတ်နဲ့သာလုပ်ဖို့ဆိုပြီး တပ်မတော်ဘက်က တားမြစ်တာဖြစ်ပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲကို လူဦးရေ ၃၀ ထက်မပိုဘဲကျင်းပဖို့ဆိုပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ကန့်သတ်လိုက်တဲ့ အတွက် မွန်ပြည်သစ်ပါတီက ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့မှာ ကျင်းပဖို့ သဘောတူထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့