NCA ထိုးပြီးရင် အခြေခံဥပဒေပြင်ဖို့ ကြိုးပမ်းမယ်လို့ မွန်ပြည်သစ် ထုတ်ပြန်

2018-02-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ် ရေးချောင်းဖျားဒေသမှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့စဉ်
၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ် ရေးချောင်းဖျားဒေသမှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့စဉ်
.

မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါဝင်ဆောင်ရွက်သွားမယ်လို့ မနေ့ကကျရောက်တဲ့ ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ အခြေခံဥပဒေမှာ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြည့် အ၀ ပြဌာန်းမထားတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့  မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ က ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲ တက်နိုင်ဖို့အတွက်ကို NCA ထိုးတာပေါ့လေ၊ ဒါက တံခါးပေါက်တစ်ခုပေါ့၊ NCA ထိုးပြီး ရင်းလည်း ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးမှာ ထဲထဲဝင်ဝင်ပိုပြီးတော့ ပါဝင်လာနိုင်မယ်၊ အဲဒီကမှတဆင့် ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲရေးတို့ အဲဒါကို ဒီငြိမ်းချမ်းရေးတွေ နိုင်ငံရေးဆွေးနွေးပွဲကတဆင့် လုပ်နိုင်မယ်လေ၊ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရနိုင်တာက  တစ်ချက်က ဒီမိုကရေစီအရေးပေါ့နော်၊ နောက်တစ်ချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အဲဒါတွေက ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ အပြည့်အစုံ မပါတော့ ပိုပြီးတော့ပြည့်စုံလာအောင် ကျနော်တို့ ပြင်ဆင်ဖို့ပေါ့လေ၊ အဲဒီလိုပဲ ရည်ရွယ်ချက်ရှိပါတယ်"

NCA လက်မှတ်ရေးထိုးတာဟာ လက်နက်ချတာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်း မွန်ပြည်သစ်ပါတီရဲ့  ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ လက်တွဲပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီမိုကရေစီအစိုးရ အာဏာရနေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်သူတွေ ဆင်းရဲတွင်းကနေ မရုန်းထွက်နိုင်သေးတာ၊ ရခိုင်ပြည်နယ်မှာ မငြိမ်မသက်ဖြစ်နေတာ၊ နိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေ တာတွေဟာ  NLD အစိုးရမျှော်မှန်းတဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတတ်တဲ့နိုင်ငံဖြစ်ရန်မှာ အလှမ်းကွာနေသေးတယ် လို့ ဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် စစ်ရေးနည်းနဲ့ အင်အားသုံးမဖြေရှင်းဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးနဲ့  NCA ထိုးပြီးတဲ့အထိ စိတ်ရှည်ရှည်ထားပြီး ဆက်လက်တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားဖို့ တိုက်တွန်းကြောင်းလည်း ပါရှိပါတယ်။

မွန်ပြည်သစ်ပါတီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးဖို့ ပြီးခဲ့တဲ့လက သဘောတူထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့