ရှမ်းပြည်နယ်က လူနာအမှတ် ၁၄ ကို စစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးကင်းစင်

ကံသာ
2020-05-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တစ်လတာဆေးကုသမှုခံယူပြီး ငါးကြိမ်စစ်ဆေးတာမှာ လေးကြိမ်နဲ့ ငါးကြိမ်မြောက်မှာ ပိုးမတွေ့တော့တာကြောင့် ကျောက်မဲဆေးရုံကို လွှဲပြောင်းပေးတာလို့ လားရှိုး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။

နှစ်ပတ်အကြာမှာ ရောဂါပိုး ထပ်မံစစ်ဆေးမှာဖြစ်ပြီး ဒီကာလမှာတော့ နေအိမ်ကို မပြန်ခိုင်းသေးဘဲ ကျောက်မဲဆေးရုံမှာပဲ သီးသန့်ထားပြီး ထပ်မံ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေကို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လားရှိုးဆေးရုံနဲ့ မူဆယ်ဆေးရုံတွေမှာ ကုသဖို့ စီစဉ်ထားတာပါ။ လားရှိုးဆေးရုံမှာတော့ နေရာထိုင်ခင်း အခက်အခဲကြောင့် ရောဂါပိုးတွေ့သူ ငါးဦးအထိသာ ကုသနိုင်ပြီး ဒီထက်ပိုလာရင်တော့ နေရာ ထပ်မံစီစဉ်ရမယ့် အခြေအနေရှိတယ်လို့ သမားတော်ကြီးက ပြောပါတယ်။

လားရှိုးဆေးရုံကနေ ဆင်းခွင့်ရတဲ့ ကျောက်မဲဒေသခံ လူနာအမှတ် (၁၄) က ဆေးကုသမှု ခံယူနေချိန်ကာလမှာ ဆေးကုပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာရှင် လူမှုကူညီရေးအဖွဲ့တွေ ဌာနဆိုင်ရာတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ ကျန်းမာနေပြီဖြစ်ကြောင်း ပြောပါတယ်။ ကိုရိုနာရောဂါကို ခုခံတာမှာ စိတ်ဓာတ်ခိုင်မာဖို့နဲ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေ ညွှန်ကြားတာကို လိုက်နာဖို့က အရေးကြီးတယ်လို့လည်း သူ့အတွေ့အကြုံကို ပြောပါတယ်။

ကျောက်မဲဆေးရုံကို လွှဲပြောင်းလိုက်သူအပြင် လားရှိုးဆေးရုံမှာ သံသယလူနာအဖြစ် စောင့်ကြည့်ပြီး ရောဂါစစ်ဆေးထားသူ လေးဦးမှာ ရောဂါပိုးမတွေ့ဘဲ စစ်ဆေးဖို့ဆောင်ရွက်နေသူ သုံးဦးရှိတယ်လို့ လားရှိုး ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။

လက်ရှိ လားရှိုးမြို့မှာ မေလ နှစ်ရက်နေ့အထိ နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်ခံရသူ သုံးရာသုံး ဆယ်ရှိနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။

အစိုးရအစီစဉ်နဲ့ စောင့်ကြည့်တဲ့နေရာ နှစ်ခုဖြစ်တဲ့ အထက (၃) စာသင်ကျောင်းမှာတော့ လူဦးရေ ၅၇ ဦး ရှိနေပြီး သာသနာ၂၅၀၀ ဘုန်းကြီးကျောင်းအနီးက မိုးကုတ်ဝိပဿနာကျောင်းမှာ ၂၃ ဦး ရှိနေတယ်လို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့