တနင်္သာရီမြစ် ရေအား လျပ်စစ်စီမံကိန်းကို ကန့်ကွက်

2017-02-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီမြစ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြစဉ်
တနင်္သာရီမြစ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြစဉ်
Photo: Ye Myint Swe

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တနင်္သာရီမြစ်အတွင်းမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ကို ဒေသခံတွေက လက်မခံဘဲ မနေ့က တွေ့ဆုံပွဲမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

စီမံကိန်းအကောင်အထည်ဖေါ်မယ့် ကုမ္ပဏီက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့တွေ့ပြီးနောက် ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ဒေသခံတွေက ကန့်ကွက်ကြတာလို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

"ပြည်ထောင်စုကနေ လျှပ်စစ်ဒုဝန်ကြီးနဲ့တွေ့တယ်။ တိုင်းဒေသကြီးနဲ့တွေ့တယ်။ ပြီးတော့ လူထုဆီကို ကြားနာပွဲပုံစံမျိုးနဲ့ ဆင်းပါတယ်ဆိုတဲ့ သဘောပြောပါတယ်ခင်ဗျ။ ဒါပေမဲ့ လူထုဘက်က မေးတဲ့ မေး ခွန်းတွေက သူတို့ဘက်က မဖြေနိုင်တဲ့ မေးခွန်းတွေဖြစ်နေတော့ ကျွန်တော်တို့အနေနဲ့ကတော့ Yes, NO တစ်ခုခုပြောဖို့ အခက်ခဲရှိပါတယ်ခင်ဗျ။ ကရင်ဌာနေတိုင်းရင်းသားအဖွဲ့တွေကတော့ DAM ကို လုံးဝအယုံအကြည်မရှိဘူးပေါ့။ အခုလုပ်မယ့်ကုမ္ပဏီကို အယုံအကြည်မရှိဘူး ။ ကန့်ကွက်ပါတယ်ဆိုပြီး No Dam ဆိုပြီးတော့ တနင်္သာရီမြစ်ကြီးလည်း ဒီထက်ပိုပြီး ညစ်နွမ်းမှု မဖြစ်ပါစေနဲ့ ဆိုပြီးတော့ ကမ်ပိန်းလုပ်တဲ့ပုံစံမျိုး သူတို့လက်မခံကြောင်း ပြပါတယ်။"

ရေအားလျပ်စစ်စီမံကိန်းကို GMS Power Public ကုမ္ပဏီ အကောင်အထည်ဖေါ်မှာဖြစ်ပြီး ရေအားလျှပ်စစ် တည်ဆောက်မယ့်နေရာ၊ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အား၊ ရေ၀ပ်ဧရိယာအကျယ်အ၀န်း စတဲ့ အချက်လက်တွေ ကို ဒေသခံတွေက မေးတဲ့အခါမှာ ကုမ္ပဏီဘက်က ဖြေကြားနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဲ့ဒီရေအားလျှပ်စစ် စီမံကိန်းကို ဒေသခံလူထုက သဘောမတူရင် ဘယ်လောက်ပဲ စီမံကိန်းကောင်းနေပါစေ လက်မခံဘူးလို့ ပြောထားတယ်လို့ ဦးရဲမြင့်ဆွေ က ပြောပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲကို တနင်္သာရီမြို့နယ်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး တနင်္သာရီဒေသခံတွေအပြင် ထားဝယ်၊ မြိတ် ဘက်က ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ဦးရေ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့