သမတလောင်းစာရင်း စစ်အစိုးရလွှတ်တော်သစ်မှာ ပဏာမရွေးချယ်
2011.02.01
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ဒီစာရင်းမှာ အများ ခန့်မှန်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မပါဝင်တဲ့အတွက် သမတရာထူးကို စစ်အစိုးရ အကြီးအကဲက ရယူမှာ မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား ပြလိုက်တာ ဖြစ်တယ်လို့ နေပြည်တော်က သတင်းတွေက ဆိုပါတယ်။
လွှတ်တော် ကိုယ်တိုင်တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်။
“ပြည်သူ့လွှတ်တော်ကနေ ပြီးတော့ကျတော့ ဒုတိယ သမတလောင်းအနေနဲ့ တင်ပေးတာ ကျွန်တော်တို့ နှစ်ယောက် တင်ပေးတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ ကျတော့ ဦးစောသိန်းမောင်နဲ့ နောက်တခုက ဦးသိန်းစိန်၊ အဲဒီ နှစ်ယောက်ပေါ့။ အမျိုးသားလွှတ်တော်က ကျတော့ တစ်က စိုင်းမောက်ခမ်း၊ နောက်တယောက်ကကျတော့ ကျွန်တော်တို့ ဒေါက်တာ အေးမောင်၊ ရခိုင်က။ နက်ဖြန်ခါ ကျွန်တော်တို့ တရက်နားတယ်။ ဒီနေ့ ဟိုဟာဖြစ်ပြီးရင် သဘက်ခါ ၁၀ နာရီမှာ ပြန်ပြီးတော့ ကျတော့ လွှတ်တော် ပြန်ကျင်းပမယ်။”
ဒါ့အပြင် ဒီကနေ့ ဒုတိယ သမတလောင်း စိစစ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ စိစစ်ရေး ကော်မတီအတွက် ပြည်သူ့လွှတ်တော်က လက်ရှိ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသား လွှတ်တော်က လက်ရှိ လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးမျိုးမြင့်ကို ရွေးချယ် လိုက်ပါတယ်။ ဒီစိစစ်ရေးကော်မတီမှာ ဒီကနေ့ ရွေးချယ်လိုက်သူ ၂ ဦးနဲ့အတူ လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတွေလည်း ပါဝင်ကြောင်းသိရပါတယ်။
ဒုတိယ သမတလောင်း အမည်စာရင်းတွေကို စိစစ်ရေးကော်မတီက စိစစ်အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် တဦးစီကို မဲနဲ့ ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။
ဒုတိယ သမတကို လာမဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြန်လည်စတင်မဲ့ လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။ အဲဒီ ဒုသမတထဲကမှ သမတ ပြည်ထောင်စု လွှတ်တော်ကနေ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၂ ရက်နေ့မှာတော့ လွှတ်တော်ရပ်နားကြောင်း သိရပါတယ်။
ဒီအကြောင်း ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် ဦးစိုးဝင်းကို RFA ဝိုင်းတော်သား ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဦးစိုးဝင်းနှင့် ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
အလားတူပဲ အမျိုးသားလွှတ်တော်က NDF ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်ကို RFA မှ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဦးဘုန်းမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









