NCA အတွက် ကမ်းလှမ်းချက်ကို မြောက်ပိုင်းအဖွဲ့ လက်ခံတယ်လို့ အစိုးရ ပြော


2020-08-18
Share
northern-alliance-pc-apr30-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kan Thar/RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ ပါဝင်ရေးအတွက် ကမ်းလှမ်းထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး အဆင့် ၃ ဆင့်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မဟာမိတ် အဖွဲ့တွေက လက်ခံကြောင်း တရားဝင် အကြောင်းပြန်ထားတယ်လို့  အစိုးရက သြဂုတ်လ ၁၇ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားစဉ်မှာ ပြောကြားလိုက်တာပါ။

AA ရဲ့ မဟာမိတ်အဖွဲ့တွေကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ ဖြစ်ပါတယ်။

အစိုးရက ကမ်းလှမ်းထားတဲ့ အဆင့် ၃ ဆင့်ကတော့ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ယာယီပဏာမ အပစ်အခတ် ရပ်စဲမယ်၊ နောက်ပိုင်း တစ်ဖွဲ့ချင်းနဲ့တွေ့ပြီး တပ်နေရာချထားရေးနဲ့ တခြားအကြောင်းအရာတွေ ဆွေးနွေးမယ်၊  နောက်ဆုံးအဆင့်ကတော့ NCA မှာ လက်မှတ်ထိုးမယ် ဆိုတဲ့အဆင့်တွေ ဖြစ်ပါတယ်။   

အဲဒီလို အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့က သဘောတူ ကမ်းလှမ်းခဲ့တဲ့ အဆိုပြုချက်ကို မဟာမိတ် ၄ ဖွဲ့က လက်ခံတယ်လို့ အကြောင်းပြန်လာပေမယ့် နောက်ပိုင်းမှာ AA အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာခဲ့တဲ့ အတွက် ဘယ်လိုပုံစံနဲ့ ဆက်ပြီးဆွေးနွေးမလဲဆိုတာ အစိုးရဘက်က ပြန်ညှိနှိုင်းရဦးမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

NCA မှာ လက်မှတ်ထိုးထားပြီးဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမှာဖြစ်ပေမယ့် ငြိမ်းချမ်းရေးခရီး ရှေ့ဆက် နိုင်ဖို့ဆိုရင် နည်းလမ်းရှာဖွေဖို့လိုတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေး ဆောင်ရွက် ချက်တွေနဲ့ နှိုင်းယှဉ်ပြီး RFA ကို ပြောခဲ့တာရှိပါတယ်။

NCA လက်မှတ်ထိုးဖို့ အစိုးရရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့တွေထဲက KIA နဲ့ TNLA ပြောခွင့်ရ သူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအချိန်အထိ လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။  

ဦးဇော်ဌေးက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပေမယ့် ငြိမ်းချမ်းရေး မဆွေးနွေးတော့ဘူးလို့ ပိတ်ပင်ထားတာမျိုး မရှိဘူး၊ လက်ရှိ NCA လက်မှတ်ထိုးထားတဲ့ RCSS နဲ့ ABSDF တို့ကိုလည်း အကြမ်းဖက် အဖွဲ့အစည်းတွေ၊ မတရားအသင်းတွေအဖြစ် ကြေညာခဲ့ပေမယ့် NCA လက်မှတ်မထိုးခင်မှာ အဲဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ AA အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် လုပ်ဆောင်ချက်နဲ့ သက်သေပြဖို့၊ ဆောင်ရွက်ချက်တွေက အပေါင်းလက္ခဏာပြဖို့နဲ့ အပြုသဘောဆောင်ဖို့လိုပြီး ထုတ်ပြန်ချက်တွေ ထုတ်နေတဲ့ တချိန်တည်းမှာပဲ ရခိုင်မှာ နေ့စဉ်တိုက်ခိုက်မှုတွေက ဖြစ်နေတာတွေက အစိုးရအနေနဲ့ အခက်အခဲဖြစ်စေ တယ်လို့လည်း ဦးဇော်ဌေး က ဆက်ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။