ထိုးစစ်ရပ်မယ်လို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထုတ်ပြန်
2019.09.03
ပြည်တွင်းစစ်တွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့အတွက် တစ်ဖက်သတ် ထိုးစစ်ဆင်တာတွေကို မပြုလုပ်တော့ဘူးလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ ကျိုင်းတုံဆွေးနွေးပွဲနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံနယ်စပ်တစ်နေရာမှာ ဆွေးနွေးခဲ့ကြအပြီးမှာ အခုလိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရ ပါတယ်။
ကျိုင်းတုံဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေအရ ဒီအဖွဲ့တွေ ပဏာမအပစ်ရပ် သဘောတူ စာချုပ် Bilateral ရေးထိုးနိုင်ရေး၊ သဘောတူညီချက်တွေကို ပြင်ဆင်နိုင်ရေး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
စာချုပ်လက်မှတ်မထိုးနိုင်ခင်ကာလမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြီးမားတဲ့ဆန္ဒရှိကြောင်း၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးစားသွားမှာဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပြီး ပူးတွဲထုတ်ပြန်ချက်လည်း ထုတ်ပြန်ခဲ့ပါတယ်။ နောက်တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုကို လာမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့တွေမှာ ထပ်မံတွေ့ ဆုံသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောခွင့်ရသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မြောက်ပိုင်း ၄ ဖွဲ့ထဲက အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ AA ပြောခွင့်ရသူ ခိုင်သုခက သူ့အနေနဲ့ မြောက်ပိုင်းလေးဖွဲ့ရဲ့ ပြောခွင့်ရသူမဟုတ်တဲ့အတွက် ပြောလို့မရကြောင်း ပြောပါတယ်။
တပ်မတော်ကလည်း ဒေသအများအပြားမှာ အပစ်ရပ်ထားတာကို သက်တမ်းထပ်မံ တိုးချဲ့ထားတယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို စက်တင်ဘာ ၂၁ ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။
အပစ်ရပ်မယ်ဆိုတာကို နှစ်ဘက် ကြေညာကြပေမယ့် တိုက်ပွဲသတင်းတွေကတော့ ဒီရက်ပိုင်း ဆက်တိုက်ပေါ်ပေါက်နေတာ တွေ့ရပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)