နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစဖို့ မြောက်ပိုင်းသုံးဖွဲ့ကမ်းလှမ်း


2020.07.21
fpncc-meeting-622 မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အစည်းအဝေးတစ်ခု။
Photo: FPNCC

အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်လိုကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

ကျင်းပဖို့ ကြန့်ကြာနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေအောက်မှာ ပြန်လည်ကျင်းပမယ်ဆိုရင် “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ရဲ့ လမ်းညွှန်မှုနဲ့ တက်ရောက်ဖို့ ဆန္ဒရှိကြောင်း ကိုးကန့် MNDAA၊ ပလောင် PSLF နဲ့ AA ရက္ခိုင့်တပ်မတော်တို့က ကြေညာချက် ထုတ်လိုက်တာပါ။

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်ခေါ်ဖို့ အစီအစဉ်ရှိမရှိ ဇူလိုင် ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က မေးမြန်းရာမှာ... ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် သြဂုတ်လဆန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အစိုးရက လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ညီလာခံ တက်မယ်ဆိုရင် ပြည်ပကနေ လေကြောင်းနဲ့ ဝင်ရောက်လာရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေရှိကြောင်း၊ အခက်အခဲတွေ ရှိတဲ့ကြားကနေ အစိုးရက ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ဖြေကြားထားပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSPP/SSA)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊  ကိုးကန့်တပ်မတော် (MNDAA) နဲ့ မိုင်းလားတပ်မတော် (NDAA) တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။