မြစ်ကြီးနားမှာ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တိုင်းမှူး တွေ့ဆုံ

အဲလိဇဘက်ဂျန်မာ
2021.02.02
မြစ်ကြီးနားမှာ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တိုင်းမှူး တွေ့ဆုံ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ မြောက်ပိုင်းတိုင်းမှူးတို့ တွေ့ဆုံခဲ့တဲ့ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်က ကက်သလစ်ဘုရားကျောင်းကို ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Myitkyina News Journal

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံခဲ့ ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အပါအဝင် ဗိုလ်မှူးကြီးအဆင့် အရာရှိတွေက မြစ်ကြီးနား ခရစ်ယာန် အသင်းတော်များကောင်စီ MCC အဖွဲ့ဝင် အသင်းတော်ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့၊ အောင်နန်း ရပ်ကွက်က ကက်သလစ် ဘုရားကျောင်းမှာ ဒီနေ့ ညနေက တွေ့ဆုံခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တာကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပျက်ကွက် ခဲ့ပြီး လွှတ်တော်သစ်ပြန်လည်ကျင်းပဖို့ လုပ်ဆောင်လာတဲ့အတွက် အရေးပေါ်အခြေအနေ သတ်မှတ်ပြီး အစိုးရရဲ့ အာဏာကို ယာယီလက်လွှဲယူထားတယ်ဆိုတဲ့အကြောင်း ရှင်းပြတာလို့ တွေ့ဆုံခဲ့တဲ့ထဲက အင်္ဂလီကန်အသင်းတော်က Bishop John ဇော်လီက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းရတဲ့ အခြေအနေကို အသင်းတော်အသီးသီးက ဘုန်းကြီး၊ ဆရာတော်၊ ဆရာတွေ အနေနဲ့ ဘာသာဝင်တွေကို ပြန်လည် ရှင်းပြပေးဖို့ ပြောတယ်လို့လည်း Bishop John ဇော်လီက ပြောပါတယ်။

ဒီနေ့ တွေ့ဆုံမှုမှာတော့ မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များကောင်စီ MCC အဖွဲ့ဝင် အသင်းတော်တွေ ဖြစ်ကြတဲ့ ကက်သလစ်အသင်းတော်၊ အင်္ဂလီကန်အသင်းတော်၊ ကချင်နှစ်ခြင်းခရစ်ယာန်အစရှိတဲ့ အသင်းတော်တွေက ဘုန်းကြီး၊ ဆရာတော်၊ Bishop တွေနဲ့ တွေ့ဆုံခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။