ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.04.01

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ္မတူမြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ရပြီး ကျေးရွာသား ငါးရာနီးပါး ထွက်ပြေးနေရပါတယ်။ ကျေးရွာတွေ တစ်ဝိုက် စစ်ရေးထပ်မံတင်းမာနေပြီး ထပ်မံထွက်ပြေးသူတွေလည်း ရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ ရှမ်းပြည်တိုက်တက်ရေးပါတီ SSPP ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် အရပ်သားတွေထိခိုက်မှုရှိပြီး ရာနဲ့ချီ နေရပ်စွန့်ခွာနေရပါတယ်။

နမ္မတူမြို့နယ် ပန်လုံ၊ မန်ကျန်းရွာတစ်ဝိုက်အခုလ မတ်လ ၂၈ ရက်နေ့က RCSS နဲ့ TNLA/SSPP ပူးပေါင်း အဖွဲ့တွေ တိုက်ပွဲကြောင့်ကျေးရွာအတွင်းကို လက်နက်ကြီးတွေကျလို့ အသက်ငါးဆယ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ ကျေးရွာရပ်မိ ရပ်ဖတစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲကြောင့် ပန်ကျန်းရွာ၊ ပန်လုံရွာသားတွေဟာ ပန်သပြေ၊ ရေအိုးရွာတွေကို တိမ်းရှောင်နေပြီး နေရာ နှစ်ခုမှာ လူဦးရေ လေးရာကျော်ရှိနေတယ်လို့ ပြောပါတယ်။ ဧပြီလ တစ်ရက်နေ့ ဒီကနေ့မှာလည်း ထပ်မံထွက် ပြေးလာသူတွေရှိနေသေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ထဲက သီပေါမြို့နယ် ပန်ခါးရွာအနီးမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါး၊ ဆွန်လုံ၊ ချောင်းဆုံ၊ တာပုလဲကျေးရွာသားတွေဟာ သီပေါနဲ့ နမ့်အွန်ရွာ ဘုန်းတော်ကြီးကျောင်းတွေကို တိမ်းရှောင်နေရတာပါ။

ရွာနားမှာပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေကြရတာလို့ နမ့်အွမ်ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ ပန်ခါးကျေးရွာသားတွေက ပြောပါတယ်။

စစ်ဘေးရှောင်လာတဲ့ ရွာသားတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိနေသလို သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲရှိနေတယ်လို့ စခန်းမှာနေထိုင်တဲ့ ဒေါ်သူဇာက ပြောပါတယ်။

နမ္မတူမြို့နယ် ပန်သပြေကျေးရွာ ဒုက္ခသည်စခန်းမှာလည်း အိမ်သာနဲ့ သောက်သုံးရေတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး တစ်ပတ်လောက်မှာ သီပေါမြို့ပေါ် တိမ်းရှောင်နေရသူတချို့ နေရပ်ပြန်တာ ရှိပါတယ်။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေကြောင့် လွယ်အံကျေးရွာအုပ်စုထဲက လွယ်အံ၊ ခုံငင်း၊ ကောင်းခါး၊ ကုန်းသား၊ ပန်မခမ်း၊ ပန်လော့၊ မန်စပ် စတဲ့ ကျေးရွာ ခုနစ်ရွာက ရွာသား တစ်ထောင်ကျော်ဟာ ကျေးရွာကို မပြန်တော့ဘဲ ကျောက်မဲမှာပဲ နေအိမ်တွေ ငှားပြီး နေကြရပါတယ်။

ကျောက်မဲ ဝါဆိုကျောင်းနဲ့ သန္တိသုခကျောင်းမှာတော့ လူတစ်ရာကျော်ပဲ ကျန်တယ်လို့ ကျောက်မဲမြို့ အိုတမာဝ်လူမှုကူညီရေးအသင်းက မိုင်းအဘမ်းက ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့တိုက်ပွဲတွေရပ်ဖို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ တွေက တောင်းဆိုတာရှိပေမယ့် လက်နက်ကိုင်အဖွဲ့တွေကတော့ တွေ့ဆုံနိုင်တာ မရှိသေးပါဘူး။

တိုက်ပွဲနဲ့ ပတ်သက်ပြီး RCSS နဲ့ SSPP တပ်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကတော့ မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပြီးတိုင်း အဲဒီနေရာတွေကို RCSS က ဝင်ရောက် နေရာယူလာ ခဲ့တာကြောင့် အခုနောက်ပိုင်း သူတို့သိမ်းပိုက်ခံထားရတဲ့နေရာတွေကို ပြန်လည်ရယူရာမှာ တိုက်ပွဲတွေ ဖြစ်တာလို့ ပြောပါတယ်။

RCSS နဲ့ဆွေးနွေးဖို့ကတော့ လက်ရှိအချိန်အထိ အကောင်အထည်မဖော်နိုင်သေးသလို လတ်တလောမှာလည်း ဆွေးနွေတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့အထိ နမ္မတူနဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲတွေ ဆက်လက်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။