ရှမ်းပြည်နယ်မြာက်ပိုင်း နောင်ချိုမြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်က ကားနဲ့ဝင်ရောက် ဖြိုခွင်းခဲ့ပါတယ်။
နောင်ချိုမြို့ လမ်းဆုံတွေမှာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုတွေပြုလုပ်နေပြီး အသက်ကြီးသူ အမျိုးသား တစ်ဦး ကျဆုံးသလို အမျိုးသား တစ်ဦး ခြေထောက်မှာ သေနတ်ထိမှန်တယ်လို့ ကနဦး သိထားရကြောင်း နောင်ချို့ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ သေနတ်မှန်ထားသူတွေ ထပ်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လေးဦး ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ရှမ်းမြောက်ဒေသ သီပေါမြို့မှာ ဒီကနေ့ မေလ ၂ရက်နေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်းပစ်ခတ်ခံရလို့ သီပေါမြို့ မြန်မာရပ်ကွက်က အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသား တစ်ဦး ဦးခေါင်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ အုတ်ကျင်းရပ်ကွက်က အသက် နှစ်ဆယ်ဝန်းကျင် အမျိုးသား တစ်ဦးကတော့ ခြေထောက်မှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့မှာတော့ ဒီမနက် စစ်အာဏာရှင်ဆန့်ကျင်ရေး သောင်းနဲ့ချီတဲ့ ဒေသခံတွေက ဆိုင်ကယ်သပိတ်၊ လမ်းလျှေက်သပိတ်တွေပြုလုပ်ခဲ့တာမှာ စစ်ကောင်စီ သတင်းပေးအဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်သပိတ်လမ်း ကြောင်းနဲ့ လိုက်လာလို့ ဆန္ဒပြသူတွေက ဆိုင်ကယ်တွေကို သိမ်းယူပြီးမီးရှို့လိုက်တယ်လို့ ကျောက်မဲ ဒေသခံ တစ်ဦးက ပြောပါတယ်။
လားရှိုးမြို့မှာ ဒီမနက်က စစ်အာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်လောက်သာရှိခဲ့ပြီး နေရာအတော်များ များမှာ လက်လုပ်မိုင်းတွေ ကွဲခဲ့ပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၂၊ ရပ်ကွက် ၁၀ လမ်းကြားတွေ အပါအဝင် နေရာ ငါးခုလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာဖြစ်ပြီးလူထိခိုက်တာတော့ မရှိပါဘူး။
ကွတ်ခိုင်မြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နယ် စပ် မူဆယ်မြို့မှာလည်း တစ်ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးသိပိတ် အနေနဲ့ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်မှာ လူဦးရေငါးရာလောက် ဆန္ဒပြချီတက်လာတာကို စစ် ကောင်စီတပ်က တာမြစ်ခဲ့ပြီး ဖမ်းဆီးမှုတွေလုပ်ခဲ့တာကြောင့် ဆရာတော်တွေက ပြန်လွှတ်ပေးဖို့ သွားရောက် တောင်းဆိုရာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ နမ့်ဆန်ဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ ကွတ်ခိုင်မြို့တွေမှာ ဖေဖော်ဝါရီလကတည်းက ဒီကနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ နေ့စဉ်လိုရှိနေတာပါ။ ဆန္ဒပြမှုတွေ အပါအဝင် နိုင်ငံရေးသမားတွေ ဖမ်းဆီးခံရမှုလည်းရှိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ စစ်ကောင်စီကမှုဖွင့်ထားသူ တစ်ရာ့သုံးဆယ်ကျော်ရှိပြီး ဖမ်းဆီးခံရသူ ခြောက်ဆယ်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။