မြန်မာနိုင်ငံမှာ ကိုရိုနာ ပိုးကူးစက်ခံရသူ မရှိသေး
2020.01.24
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မရှိကြောင်းနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံအတော်များများကို ကူးစက်ပျံ့နှံ့နေလို့ စိုးရိမ်နေရတဲ့ အခြေအနေပါ။
တရုတ်ပြည်ကနေ ခရီးသွားဝင်ရောက်မှုများသလို အိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေတာကြောင့် မြန်မာနိုင်ငံဟာလည်း ကြိုတင်အကာအကွယ်တွေ လုပ်ဆောင်ထားသင့်ပေမယ့် မြန်မာအစိုးရက ဘာမှထုတ်ပြန်ကြေညာတာ၊ ကြိုတင်ကာကွယ်တာတွေ မရှိသေးဘူးဆိုပြီး ဒီရက်ပိုင်း ဝေဖန်နေကြတာပါ။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက လက်ရှိမှာ ရောဂါပိုး ကူးစက်ခံရသူ မရှိသေးကြောင်း နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။
ဒီနေ့ည ရှစ်နာရီမှာ မန္တလေးမြို့ကို ဆိုက်ရောက်ဖို့ရှိတဲ့ ဝူဟန်-မန္တလေး ခရီးစဉ်ကို ဒီနေ့အတွက် ဖျက်သိမ်းတယ်လို့ China Eastern Airlines က ကြေညာလိုက်ပါတယ်။
ဒီနေ့အတွက်သာ ဖျက်သိမ်းတာဖြစ်ပြီး နောက်ရက်တွေကိုတော့ ဘယ်လိုရှိမလဲဆိုတာ မသိသေးဘူးလို့ အဲလိုင်း မန္တလေးရုံးခွဲက ပြောပါတယ်။
မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က - အသက်ရှုလမ်းကြောင်းကနေ ကူးစက်တဲ့ အခုလို ဗိုင်းရပ်စ်ပိုးတွေနဲ့ပတ်သက်ပြီး ရှောင်ကြဉ်သင့်တာတွေကို ပြောပါတယ်။
မန္တလေးမြို့ဟာ တရုတ်လူမျိုးတွေ ဝင်ရောက်မှုများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
မန္တလေးမြို့ခံ ကိုစန်းယုကျော်က ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေကို ဒီထက်ပိုပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
ဝူဟန်မြို့မှာ စတင်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်မမှာ ကူးစက်ခံရသူ အယောက် ၈၃၀၊ သေဆုံးသူ ၂၅ ဦးအထိရှိနေပြီလို့ တရုတ်ကျန်းမာရေးဌာနကို ကိုးကားပြီး ဒီကနေ့ Retuers သတင်းဌာနက သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဝူဟန်-ရန်ကုန် လေကြောင်းခရီးစဉ်ဟာ တစ်ပတ်ကို တစ်ကြိမ်ရှိပြီး ဝူဟန်-မန္တလေး တိုက်ရိုက်ခရီးစဉ်က တစ်ပတ်ကို နှစ်ကြိမ်ရှိတယ်လို့ သိရပါတယ်။
ရောဂါပိုး စတင်ပျံ့နှံ့ချိန်ဟာ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနဲ့ချီပြီး ခရီးသွားလာချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရောဂါပိုး ပျံ့နှံ့ဖို့ ပိုမိုလွယ်ကူနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။