ဝူဟန်မြို့က မြန်မာကျောင်းသားတွေ ပြန်ခေါ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ

ကျော်လွင်ဦး
2020.01.27
mdy-airport-jan24-622 Coronavirus ကို ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းတပ်ထားတဲ့ ခရီးသည်တွေကို မန္တလေးလေဆိပ်မှာ ၂၀၂၀ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: San Yu Kyaw

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု စတင်ပေါ်ပေါက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား ၆၀ ကို  မြန်မာနိုင်ငံပြန်လည်ခေါ်ဆောင်ရေးအတွက် တရုတ်အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေတယ်လို့ ပေကျင်းမြို့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင် ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့က မြန်မာကျောင်းသား ၆၀ ဟာ မြန်မာနိုင်ငံပြန်ခွင့်ရဖို့ တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကူညီတောင်းခံထားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရကလည်း  တရုတ်နိုင်ငံက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ထားပြီး အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပေကျင်းမြို့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်စုံက RFA ကို ပြောပါတယ်။

“ဝူဟန်က မြန်မာကျောင်းသား အယောက် ၆၀ မြန်မာပြည်ပြန်နိုင်ဖို့အတွက်ကို သက်ဆိုင်ရာပြည်နယ် နိုင်ငံခြားရေးရုံးရယ်၊ ဝူဟန်က သက်ဆိုင်ရာအရာရှိတွေနဲ့ ဆက်သွယ်နေပါတယ်၊ သူတို့က ဆေးစစ်ပြီးမှ ပြန်ရမယ်ပေါ့နော်၊ ဆေးစစ်ပြီး ၁၄ ရက်စောင့်ကြည်ရမယ့်ဆိုတဲ့ဟာလေးရှိနေတဲ့အတွက် ကျနော်တို့က အမြန်ဆုံးပြန်နိုင်ဖို့အတွက်ကို သူတို့နဲ့ ပြန်ပြီးညှိနှိုင်းနေရတယ်ဗျ၊ ဟူပေနိုင်ငံခြားရေးရုံး အဲကိုဆက်ညှိနှိုင်း နေရတယ်၊ သူတို့ဘက်က ပြန်ပြီးအကြောင်းပြန်တာတော့ လောလောဆယ် မရှိသေးဘူး၊ ကျနော်တို့ စောင့်ဆိုင်းနေရတုန်းပေါ့နော်၊ သူတို့ဘက်က ခွင်ပြုချက်ကို ပြန်မပြောသေးဘူး”

ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ အဲဒီမြို့မှာ ကျောင်းသူ၊ ကျောင်းသားတွေ တစ်ပတ်စာ အစားအစာ ရရှိရေး အတွက် သံရုံးကနေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပေးထားတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ကျောင်းသားတွေနဲ့ အမြဲမပြတ် အဆက်အသွယ်ရရှိနေပြီး မြန်မာနိုင်ငံ အမြန်ဆုံးပြန်လို့ရအောင် ဆောင်ရွက်ပေး နေတယ်လို့ သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။

ဝူဟန်မြို့က မြန်မာကျောင်းသား ကိုစည်သူကတော့  သံရုံးကသူတို့ကို ကူညီဆောင်ရွက်ပေးနေကြောင်းနဲ့ သူတို့အနေနဲ့ ရောဂါမကူးစက်အောင် ဂရုစိုက်နေရကြောင်း RFA ကို ဇန်နဝါရီ ၂၆ ရက်နေ့က ပြောဆိုထားပါတယ်။

“ကျနော်တို့ မကူးစက်ခံရအောင် အဓိကဂရုစိုက်ပြီး နေနေတယ်၊ နောက်ပြီး WHO ကထုတ်ထားတဲ့ ဂိုက်လိုင်းတွေအတိုင်း ကျနော်တို့ နေနေတယ်ပေါ့နော်၊ မြို့အခြေအနေက မနေ့ကနေစပြီးတော့ လမ်းပေါ်မှာ လူတစ်ယောက်မှကို မရှိတာ”

ဝူဟန်မြို့မှာ ကျောင်းသားတွေအပြင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေလည်း ရှိပါတယ်။

အဲဒီထဲက ဝူဟန်မြို့ပြင်မှာ အလုပ်လုပ်ကိုင်တဲ့ ကိုကျော်က သူတို့ လုပ်ငန်းခွင်ထဲမှာ မြန်မာအလုပ်သမား ၂၀ ကျော်ရှိပြီး  ကြိုဝယ်ထားတဲ့ ရိက္ခာအနည်းငယ်ပဲရှိကြောင်း၊ ဈေးတွေလည်း ပိတ်ထားတဲ့အတွက် အစားအစာ ဝယ်ယူနိုင်ခြင်း မရှိကြောင်း ပြောပါတယ်။

“အစားသောက်တွေလည်း မတိုင်ခင်တုန်းက ဝယ်ထားတာ ပြတ်ခါနီးပြီ၊ ဒါပေမဲ့ အစားသောက်တွေပြတ်ရင် ဘယ်မှာသွားဝယ်လို့ ဝယ်ရမယ်ဆိုတာ မသိသေးဘူး၊ သူဌေးတွေ ဖုန်းဆက်လည်း ရမှာမဟုတ်ဘူး၊ သူတို့လည်း တရုတ်နှစ်သစ်ကူးရှိတော့ အခြားမြို့တွေပြန်သွားကြပြီ၊ ဈေးတွေမှာလည်း ဝယ်မရဘူး၊ အကုန်လုံး ပိတ်ထား တယ်ဆိုတော့၊ မြို့ထဲသွားတာလာတာ တစ်ယောက်မှ မရှိတော့ဘူး၊ ဒီမှာနေတာက မြန်မာအလုပ်သမား အယောက်၂၀ လောက်ရှိပါတယ်၊ ဒီတခုခုတစ်စုံတစ်ရာများဖြစ်ခဲ့ရင်တော့ ဆေးခန်းသွားဖို့လည်း မရှိဘူးပေါ့ နော်၊ ဘယ်ကိုမှသွားလို့မရဘူး အသေခံရုံကလွဲရင်”

မြို့ပြင်က အဆောင်တစ်ခုမှာနေထိုင်ကြတဲ့ သူတို့မှာ  ရောဂါကူးစက်မှု ကာကွယ်နိုင်အောင် တပ်ဆင်တဲ့ နှာခေါင်းစည်းလည်း မရှိကြောင်း၊ တရုတ်နှစ်သစ်ကူး အလုပ်ပိတ်ရက်ရှည်ကာလနောက်ပိုင်း  အလုပ်တွေ ပြန်မဖွင့်နိုင်ရင် အခက်အခဲတွေရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

မြို့တွင်းမှာလည်း အသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

သံရုံးကတော့ ဒီဖြစ်ရပ်ကြောင့် အခက်တွေ့နေတဲ့ မြန်မာပြည်သားတွေကို အကူညီပေးနေသလို ဆက်သွယ်နိုင်တဲ့  ဖုန်းနံပါတ်တွေလည်း ထုတ်ပြန်ထားတယ်လိ့ု  ပြောပါတယ်။

ဝူဟန်မြို့မှာ အလုပ်သမား၊ ကျောင်းသားတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေလည်းရှိပြီး သူတို့ကတော့ တရုတ်နိုင်ငံထဲမှာ ရေရှည်နေတဲ့သူတွေဖြစ်တာကြောင့် မြန်မာပြည်ပြန်ဖို့ အကူညီတောင်းခံခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ရောဂါမကူးစက်အောင် သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အတိုင်း နေထိုင်ဖို့ တိုက်တွန်းထားကြောင်း သံရုံးတာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုနှုန်းဟာ တရုတ်နိုင်ငံမှာ နေ့စဉ်နဲ့အမျှ ပိုမိုတိုးပွားလာနေတာကို တွေ့ရတဲ့အပြင် ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့မြို့တွေမှာ ဝင်ထွက်၊ သွားလာခွင့်တွေကို တရုတ်အစိုးရက ပိတ်ပင်ထားပါတယ်။

ရှမ်ပြည်နယ် မူဆယ်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာလည်း ရောဂါကူးစက်မှု မဖြစ်စေရေးအတွက် လူစုလူဝေးနဲ့ မနေထိုင်ကြဖို့၊ ပန်းခြံ၊ ဟိုတယ်၊ လောင်းကစားဝိုင်းတွေကို ပိတ်ထားဖို့၊ တရုတ်နိုင်ငံသား မဟုတ်သူတွေ နေရပ်ပြန်ဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ် ရွှေလီ၊ ကျယ်ဂေါင်မြို့တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သား သိန်းဂဏန်း ရှိပါတယ်။ မြန်မာနဲ့ တရုတ်နယ်စပ်သွားလာမှု လမ်းကြောင်းတွေကို ကန့်သတ်လာတဲ့အတွက် တရုတ်ကို သစ်သီးတင်ပို့သူတွေ အခက်တွေ့နေတယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံကုန်စည်ဒိုင်အသင်း တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။

တရုတ်ဘက်က ဝယ်ယူသူတွေ မလာရောက်နိုင်လို့   အရောင်းအဝယ်မဖြစ်ပါဘူး။

တရုတ်ဘက်ကရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးရောက်မှသာ သစ်သီးကားတွေ  မူဆယ်ကို တက်လာကြဖို့ သစ်သီဝလံအသင်းကလည်း ကြေညာချက် ထုတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။