ကျောက်ကြီးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ
2022.07.15
ကျောက်ကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်ကလေးများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့မှာ တွေ့ရစဥ်
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စပ်လဲကျေးရွာထဲကို ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇူလိုင်လ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ်ရှိသူ အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ကလေးနှစ်ဦး ကတော့ အသက် ၁၂ နှစ်အရွယ် နော်ထီးဆဲခူနဲ့ ခြောက်လသားအရွယ် စောထီးဖိုးကလိုး တို့ဖြစ်ပြီး ဆင်မတောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ ကျောက်ကြီးမြို့မှာ ဆင်မတောင်ဆိုတာရှိတယ်။ အဲ့ဒီကနေ ပြီးတော့ ရမ်းသန်းထုတာ။ အမှန်တော့ KUN တွေရှိတဲ့ဆီကို ထုတာ။ မရောက်တဲ့အခါ ကျတော့ စပ်လဲကျေးရွာကို ကျတာ။ စစ်ရှောင်တွေက ခဏအိမ်ပြန်တဲ့အချိန်မှာ အိမ်ပေါ် ကျပြီး ဖခင်က နေရာမှာတင်သေပြီး ကလေးတွေက ဒဏ်ရာရသွားတာ။ ကလေးတွေက ပခုံးရယ်၊ လက်ရယ်၊ တင်ပါးရယ် ထိသွားတယ်”
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ကျောက်ကြီး မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၁)၊ ခလရ (၆၀) ပူးပေါင်းတပ်တွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
မနေ့ကတော့ အဲဒီလက်နက်ကြီးဟာ စပ်လဲကျေးရွာထဲက နေအိမ်တစ်လုံးကို ကျရောက်ခဲ့ တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့လည်း ဆိုပါတယ်။
ဆင်မတောင်အနီးမှာ လွန်ခဲ့တဲ့ ငါးရက်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သလို ကျောက်စရစ်နဲ့ အင်းနက်ကျေးရွာတွေမှာ ဒီနေ့မနက် ၄ နာရီခွဲက တိုက်ပွဲဖြစ်သံကြားရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၄ ရက် မနက် ၇ နာရီအချိန်က စစ်ကောင်စီတပ်က သောင်ပုကျေးရွာက သင်းအုပ်ဆရာ စောဖရက်စလီရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်ရှိ စောလာဘူအား ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ကျောက်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။
မနေ့မနက် ၈ နာရီကျော်အချိန်မှာ ကျောက်စရစ်ကျေးရွာအုပ်စု သောင်ပုကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)၊ ခမရ (၆၀၃) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁ နာရီအချိန်က နတ်သံကွင်း တိုက်နယ်အတွင်းမှာရှိတဲ့ အလယ်စု၊ ဝါးပင်စုနဲ့ ရွာမကျေးရွာတွေက ဒေသခံ ၃၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့အထိ ပြန်မလွှတ် သေးဘူးလို့ နတ်သံကွင်း ဒေသခံတွေက ပြောပါတယ်။









