ရခိုင်က မြို့နယ်သုံးခုမှာ ပစ်ခတ်ခံရလို့ အရပ်သား တစ်ဦးသေ၊ လေးဦးဒဏ်ရာရ


2020.07.12

ရခိုင်ပြည်နယ် မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကညနေနဲ့ ဒီမနက် ပစ်ခတ်ခံရမှုအတွင်း အရပ်သား တစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ဘက်က ပစ်ခတ်မှုလို့ ဒေသခံတွေက စွပ်စွဲထားတာပါ။

ဒီမနက်က မြေပုံမြို့နယ် ကဇူးကိုင်းလှေဆိပ်အနီးမှာ အရပ်သား စက်လှေတစ်စင်း အပစ်ခံခဲ့ရတာပါ။ ကဇူးကိုင်း တံတားမှာစောင့်တဲ့ တပ်မတော်လုံခြုံရေးဂိတ်ကနေ လှမ်းပစ်လို့ လှေကို ကမ်းအနီးထိုးကပ်ချိန် လက်နက်ကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် လှေပေါ်ပါလာတဲ့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တာလို့ ကိုယ်တိုင်ဒဏ်ရာရခဲ့တဲ့ ကိုထွန်းထွန်းချေ က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ကဇူးကိုင်းကိုသွားတယ်။ သွားတဲ့အခါ အစတုန်းက ကျွန်တော်တို့ကို ပစ်တယ်လို့မထင်ဘူး။ လက်နက်ငယ်တွေနဲ့ပစ်တယ်။ ကမ်းကပ်တဲ့အခါမှာ လက်နက်ကြီးက အနားမှာကျတာ။ လှေပေါ်မှာ သားမိ နှစ်ယောက်နဲ့ ကျွန်တော်တို့ နှစ်ယောက်ပါတယ်”

ဒဏ်ရာရခဲ့တဲ့ အသက် ၃ဝ အရွယ် ကိုထွန်းထွန်းချေနဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်မုံမုံခင် တို့ကို ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံ ပို့ဆောင်ထားပါတယ်။ ရေလမ်းတစ်ခုပဲရှိပြီး၊ ဒလက်ချောင်းမှာ စက်လှေ အသွားအလာတွေကို တပ်မတော်က ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အတော်လေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီမနက်မှာ ကျောက်ဖျားရွာကနေ ကဇူးကိုင်းလှေဆိပ်ကို စက်လှေနဲ့သွားပြီး၊ အဲဒီကတဆင့် မြောက်ဦးကို ကားနဲ့သွားဖို့ စီစဉ်ခဲ့တာလို့လည်း ဒဏ်ရာရသူတွေကို ကူညီနေသူတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာလည်း မနေ့ည ၇ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရပြီးနောက် မြို့တွင်းပိုင်းရပ်ကွက်ကို ကျည်တွေကျလာခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါကြောင့် မြို့ပေါ် ရွာဟောင်းပိုင်းရပ်ကွက်က အသက် ၇၁ နှစ်အရွယ် ဦးရွှေသာ ဟာ အိမ်မှာနေရင်း လက်နက်ငယ်ကျည်မှန် သေဆုံးသွားပြီး၊ ခြေထောက်မှာ ကျည်ဒဏ်ရာရခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မနန္ဒာဦးကိုတော့ ပုဏ္ဏားကျွန်း ဆေးရုံကို ပို့ဆောင်ထားပါတယ်။

တိုက်ပွဲမရှိဘဲ တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်ပြီး၊ မြို့တွင်းရပ်ကွက် ခြံဝင်း တစ်ခုထဲမှာလည်း မပေါက်ကွဲ သေးတဲ့ ဒလက်ပါ ဗုံးသီးတစ်လုံး မြေကြီးထဲ စိုက်ဝင်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ရသေ့တောင်မြို့နယ် အောင်ဗလရွာမှာလည်း မနေ့ နေ့လယ်က ရွာထဲအပစ်ခံရလို့ အိမ်ပေါ်မှာရှိနေတဲ့ အသက် ၄၀ အရွယ် ဒေါ်ဦးသန်းခင်ရဲ့ လက်မောင်းမှာ သေနတ်ကျည်ဖောက်ဝင်ပြီး စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။ ဒဏ်ရာရတဲ့ ဒေါ်ဦးသန်းခင်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်မညိုက အငူမော်ရွာ ဘက်ကနေလာတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုကနေ လှမ်းပစ်တာလို့ ပြောပါတယ်။

“စစ်တပ်က အငူမော်ရွာဘက်ကပစ်လို့ တက်လာကြတယ်။ ကျွန်မတို့လည်း ပစ်သံကြားလို့ ရွာထဲမှာ ထိုင်နေကြတယ်။ ဒဏ်ရာရသွားတဲ့သူက သူ့ယောက်မနဲ့အတူ အိမ်ပေါ်က ဘုရားကျောင်းနားမှာ ထိုင်နေကြတယ်။ ပြတင်းပေါက်ကိုလည်း ဖွင့်ထားတော့ သူတို့ထိုင်နေတာကို စစ်ကြောင်းက မြင်သွားတယ်ထင်တယ်။ အဲဒါကြောင့်ပစ်လိုက်တယ်။ ပစ်တော့သူ့ဆီမှာ ဒဏ်ရာရသွားတာ။ သူ့မှာ ဒဏ်ရာရတယ်ကြားလို့ ကျွန်မတို့ သွားတဲ့အခါ သူကအိပ်ရာမှာလဲနေပြီ”

အောင်ဗလရွာဟာ အငူမော်-မောင်တော ကားလမ်းပေါ်မှာရှိပြီး အဲဒီစစ်ကြောင်းဟာ ရွာနားကို ရောက်လာတာနဲ့ တပြိုင်တည်း ရွာထဲနဲ့ အနီးဝန်းကျင်တွေကို ရွာလွန်သွားတဲ့အထိ ပစ်ခတ်သွားတယ်လို့ သူက ပြောပါ တယ်။

ဒဏ်ရာရသူ ဒေါ်ဦးသန်းခင်ရဲ့ နောက်ထပ်ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးကျော်ဇံလှကလည်း အပြစ်မရှိဘဲ အကြောင်းမဲ့ အပစ်ခံရလို့ စိတ်မကောင်းဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဝမ်းနည်းတယ်။ အပြစ်မရှိတဲ့ ပြည်သူတစ်ယောက်ကို အခုလို လုပ်သွားတယ်ဆိုတော့ အားလုံးက ခံစားရတာပေါ့။ ကျွန်တော်လည်းခံစားရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို အခုလို လုပ်တာက မကောင်းဘူးလို့ ကျွန်တော်တို့ကမြင်တယ်။ တိုက်ပွဲတွေဖြစ်တာ၊ မိုင်းတွေပေါက်တာလည်း မရှိဘဲ သူတို့တွေက ဖြောင်းဖြောင်း ပစ်ပြီးဝင်လာတာဆိုတော့ ပြည်သူတစ်ယောက်အနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်”

ဒဏ်ရာရတဲ့ ဒေါ်ဦးသန်းခင်ရဲ့ အမေဖြစ်သူ ဒေါ်အောင်ဝင်းစိန်က အောက်ခြေတပ်သားတွေရဲ့ လုပ်ဆောင်ချက် တွေကို အထက်အကြီးအကဲတွေကို တိုင်ကြားချင်တယ်လို့ ပြောပါတယ်။

“အထက်က အကြီးတွေကို တိုင်ကြားပစ်ချင်တယ်။ ဘယ်လိုတိုင်ရမယ်မှန်း မသိဘူး။ အောက်ခြေမှာ သူတို့က အနိုင်ကျင့်နေကြတာ”


မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ် သုံးခုက ဒီဖြစ်စဉ်တွေအပြင် အရပ်သားတွေကို တပ်မတော်က ပစ်တာလို့ ကာယကံရှင်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ဖုန်း ခြောက်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ရွာထဲကို အကြောင်းမဲ့ ပစ်ခတ်တာမျိုး မရှိကြောင်းနဲ့  AA တပ်ဖွဲ့ဝင်တွေက တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာထဲပြေးဝင်တာတွေရှိရင်တော့ လှမ်းပစ်တာမျိုးတွေ ရှိနိုင်ကြောင်း အရင်က ဖြေထားဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်တာ မရှိပေမယ့်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုကတော့ ဆက်ရှိနေတာပါ။ RFA က စုဆောင်းရရှိထားတဲ့ အချက်အလက် တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၅၈ဝ အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။