ရေဦး မီးမောင်းကုန်းရွာ မီးရှို့ခံရပြီး အဘွားအိုတစ်ဦး သေဆုံး
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာမှ နေအိမ်များကို တွေ့ရစဉ်
ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးမောင်းကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးရာမှာ အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦး မီးလောင်သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၀ ရက်နေ့ကတည်းက ရေဦးမြို့နယ်ထဲက စည်သာမြေ၊ လိန်ကုန်းနဲ့ မီးမောင်းကုန်းရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်၊ ရွာတွေကိုမီးရှို့ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ မီးမောင်းကုန်းရွာကို မီးရှို့ခဲ့ပြီး စစ်သားတွေပြန်ထွက်သွားချိန် နောက်တစ်ရက် ဇူလိုင် ၁၄ ရက်နေ့ ရွာထဲဝင်ကြည့်တဲ့အခါ မီးလောင်သေဆုံးနေတဲ့ အဘွားအို ဒေါ်သန်းထီရဲ့ ရုပ်အလောင်းကို တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စည်သာမြေမှာ ကာကွယ်ရေးစခန်းတစ်ခုကြားပြီး ရောက်လာတာ။ ရဟတ်ယာဉ်တွေနဲ့ ပစ်၊ စစ်သားတွေ ချတယ်။ အဲ့ဒီနောက်ရက် အနားဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး တာ။ မီးမောင်းကုန်းရွာကိုတော့ ဝင်ကတည်းက မီးရှို့တာ။ သူတို့ထွက်သွားလို့ မီးငြှိမ်းဖို့ ဝင်တဲ့အချိန် မီးထဲမှာ သေဆုံးနေတဲ့ အလောင်းတွေ့ရတာ"
မီးမောင်းကုန်းရွာမှာ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး မီးလောင်မှုကြောင့် ဆန်စက်တစ်လုံးနဲ့ နေအိမ် အလုံး ၇၀ မီးလောင်ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က မီးမောင်းကုန်းရွာနဲ့ သိပ်မဝေးတဲ့ လိန်ကုန်းရွာအနီးမှာ ဒေသခံ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေကို လာချပေးပြီးတဲ့နောက် အဲဒီစစ်သားတွေက ရွာတွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂၀၈၁ ဦး ရှိနေပါပြီ။









