မန္တလေးက ရာအိမ်မှူး ဇနီးမောင်နှံ သေနတ်နဲ့ပစ်ခံရလို့ ဇနီး သေဆုံး
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲက ရာအိမ်မှူး ဇနီးမောင်နှံတို့ဟာ ဇန်နဝါရီ ၂၆ ရက် ဒီနေ့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဇနီးမောင်နှံတို့ ဈေးကအပြန် ၆၉ လမ်း A နဲ့ ၆၉ လမ်း B ကြားမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချမ်းမြသာစည်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
"ဆိုင်ကယ်နဲ့လူငယ်တွေက ပစ်သွားတာ၊ အမျိုးသမီးကတော့ နေရာတင် သေသွားတယ်။ ရာအိမ်မှူး ဖြစ်တဲ့ အမျိုးသားကတော့ လည်ပင်းမှာ ထိသွားတာ၊ စိုးရိမ်ရတယ် ပြောတယ်။ အခုတော့ နန်းတွင်း ဆေးရုံမှာ ကုသနေတယ်"
သူတို့ကို ဘယ်အဖွဲ့အစည်းက လုပ်ကြံတယ်ဆိုတာ အခုအချိန်ထိ မသိရသေးသလို အခင်းဖြစ်တဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ စစ်ကောင်စီကို အထောက်အပံ့ ပေးနေတဲ့ သူတွေနဲ့ မပတ်သက်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ ပြီးခဲ့တဲ့ ကာလတွေ တုန်းက ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီလပိုင်းအတွင်း မန္တလေးမြို့က နေရာအတော်များများမှာ လမ်းသွား၊ လမ်းလာတွေကို ရွေ့လျားစနစ်နဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။