အဓိက ကေအိုင်အေ စခန်းတစ်ခု ကျ

KIA ကချင် လွတ်မြောက်ရေး တပ်မတော် အတွက် စစ်ရေးအရ အရေးကြီးတဲ့ ကချင်ပြည်နယ် ဆန်ဂန် ဒေသ (ဘွမ်ဆမ်) KIA စစ်စခန်းကို မနေ့ညပိုင်းမှာ မြန်မာ စစ်တပ်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ပြီး တက်သိမ်းလိုက်ကြောင်း သတင်း ရရှိပါတယ်။ KIA ဘွမ်ဆမ် စစ်စခန်း အသိမ်းခံလိုက်ရတာ ဟုတ်မှန်ကြောင်း KIO ကချင် လွတ်မြောက်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဒူးဝါး ဘွန်ဝမ်လရော်က RFA ကို ပြောပါတယ်။

2011.06.14
kachin_state_map_305_z.jpg မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)
Map: RFA

အခု အသိမ်းခံလိုက်ရတဲ့ KIA စစ်စခန်းဟာ ဗန်းမော် ခရိုင် မိုးမောက် မြို့နယ်ထဲမှာ ဖြစ်ပြီး အစိုးရက တည်ဆောက် နေတဲ့ တာပိန် ရေကာတာ (၂) ခုနားမှာ ဖြစ်ပါတယ်။

အခုလို KIA နဲ့ မြန်မာ အစိုးရတပ်တွေကြား စစ်ပွဲကြောင့် ကချင်လူငယ် (၂၀၀) ခန့်ဟာ KIA စစ်တပ်ထဲမှာ စစ်မှုထမ်းဖို့ ဝင်ရောက်လာကြကြောင်း တရုတ်-မြန်မာ နယ်စပ်ကို ခေတ္တရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးက ပြောပါတယ်။

"ဒီရက်ပိုင်းဖြစ်ပွါးတဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရတဲ့ မြန်မာစစ်တပ်ဖက်က လူနာ ၅၀ ကျော် ဗန်းမော်ဆေးရုံကို ရောက်နေပါတယ်။"

ဒီအတောတွင်း ပြည်ပ အခြေစိုက် ကချင် အမျိုးသား အစည်းအရုံး KNO က KIA ကချင်ပြည် လွတ်မြောက်ရေးတပ်ကို မြန်မာ အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။

ဇွန်လ (၁၃) ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ KNO ရဲ့ကြေညာချက်ထဲမှာတော့ KIA နဲ့ SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတပ်တွေကို မြန်မာ အစိုးရတပ်တွေက တိုက်ခိုက်နေတာဟာ ပြည်တွင်းစစ်ကို ပြန်လည် ဦးတည်စေမှာ ဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုံ့ချကြောင်း ဖေါ်ပြထားပါတယ်။

ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ကချင် အမျိုးသား အစည်းအရုံး ခေါင်းဆောင်တဦး ဖြစ်သူ ဒူးဝါး မခေါ်ခွန်ဆာက ပြောပါတယ်။

"ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ရှေ့မရှုဘဲနဲ့ အခုလို စစ်ရေးနည်းနဲ့ ဖြေရှင်းတယ် ဆိုတာဟာ တကယ်တော့ တိုင်းပြည်အတွက် ရေရှည် ငြိမ်းချမ်းမဲ့ဟာကို ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒါကို စိတ်မကောင်းဘူး။ စိတ်မကောင်းတဲ့ အတွက်ကြောင့်မို့ ကျနော်တို့က ပြည်သူလူထုလည်း သက်သာအောင်၊ တိုင်းပြည်လည်း ငြိမ်းချမ်းရေး ရအောင်၊ တိုင်းပြည်လည်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင်၊ ကျနော်တို့က စိတ်ကောင်း စေတနာကောင်းနဲ့ ဒီ ပြည်တွင်းစစ်ကို ရပ်စဲပါ၊ ပြီးတော့မှ ကျနော်တို့ အချင်းချင်း ညှိနှိုင်းပြီး အဖြေရှာကြပါ ဆိုပြီးတော့ ကျနော်တို့ရဲ့ ခံစားချက်က အဲလိုရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တောင်းဆိုခြင်း ဖြစ်ပါတယ်။"

အခုလို စစ်ပွဲတွေ ဖြစ်နေမယ် ဆိုရင် ဒေသခံပြည်သူတွေ- လူမှုဒုက္ခ အဖုံဖုံကို ရင်ဆိုင်လာရဖွယ် ရှိတာကြောင့် ကုလသမဂ္ဂ အနေနဲ့ (အာတူးပီ R2P) လို့ခေါ်တဲ့ လူသားထုပေါ် အကာအကွယ် ပေးဖို့ တာဝန်ရှိမှု အရ မြန်မာ့အရေး ကိစ္စကို လက်တွေ့ ကိုင်တွယ် ဆောင်ရွက်ပေးဖို့ကိုလည်း KNO အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုလိုက်ကြောင်းနဲ့ မြန်မာ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်မှန် ငြိမ်းချမ်းတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပေါ်ပေါက်လာဖို့ မြန်မာ အစိုးရကို တိုက်တွန်းပေးကြဖို့ ကြေညာချက်မှာ ဖေါ်ပြ ပါရှိပါတယ်။

KIA နဲ့ မြန်မာ အစိုးရ တပ်တွေကြား စစ်ပွဲရဲ့ နောက်ဆုံး အခြေအနေနဲ ပတ်သက်ပြီး KIO အဖွဲ့ရဲ့ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်ပ အခြေစိုက် KNO ကချင် အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ဒူးဝါး ဘွန်ဝမ်လရော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။