လွှတ်တော်အစည်းအဝေးတက်မယ့် လူ ၈၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးမှုစတင်

သက်စုအောင်
2020.05.12

နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ ပြန်စတော့မှာမို့၊ အစည်းအဝေးတက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးနေသလို၊ လွှတ်တော်ထဲမှာလည်း social distancing စည်းကမ်းတွေအတိုင်း လိုက်နာဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက RFA ကို ပြောပါတယ်။

ဒုတိယအကြိမ် လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၁၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရုံး ဝန်ထမ်းတွေနဲ့ စည်ပင် ဧည့်ရိပ်သာက အထောက်အကူပြုအဖွဲ့တွေ စုစုပေါင်းလူ ၈၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်ရာ စည်ပင်ဧည့်ရိပ်သာမှာ အခန်း ၈ ခန်းကို ပြင်ဆင်ထားပြီး၊ အလှည့်ကျစနစ်နဲ့ တစ်ဦးချင်းစီကို ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တချို့ကို ဒီနေ့ စတင်စစ်ဆေးနေပြီလို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

"ဒီနေ့ကလည်း တချို့တစ်ဝက်စပါတယ်၊ မနက်ဖြန် နောက် ၁၄ ရက်နေ့ ၁၅ ရက်နေ့ထိ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို စစ်သွားမှာဖြစ်ပါတယ်။အထောက်အကူပြု ဝန်ထမ်းကလည်း ၃၀၀ လောက် ရှိပါတယ် နောက်တစ်ခါ စည်ပင်ဝန်းထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အတူနေတဲ့ စည်ပင်က ဝန်ထမ်း လေးတွေကိုလည်း စစ်ပါမယ်၊ နောက် သူတို့နဲ့အတူ သင်္ကြန်ကာလကတည်းက မပြန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မိသားစုဝင်တွေ ရှိပါတယ် သူတို့ကိုလည်းစစ်ပါမယ် ၊ ခွဲပြီး သူ့အသုတ်လိုက်စစ် သွားပါမယ်"

စစ်ဆေးထားတဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့သွားမှာဖြစ်ပြီး ပိုးရှိ၊ မရှိ အဖြေကို မေလ ၁၆ ရက်နေ့မှာ သိရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်တိုင်းက လော့ဒေါင်းချထားတဲ့ မြို့နယ်တချို့က လွှတ်တော် ကိုယ်စားလှယ်တွေကို စပြီးကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးက ရှင်းပြပါတယ်။

"ဒီနေ့ စစစ်တာကတော့လေ ရန်ကုန်မှာပေါ့နော်၊ ပေါ့စတစ်ပြပြီးတော့ လော့ဒေါင်းချထားတဲ့ မြို့နယ်တွေကို ဦးစားပေး အရင်စစ်လိုက်တာပါ"

လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို ဆေးစစ်တာတွေ ဆောင်ရွက်သလို လွှတ်တော် အစည်းအဝေး ကျင်းပမယ့်နေရာတွေကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေနဲ့ အစည်းအဝေး ကျင်းပရာမှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေကို social distancing တစ်ယောက်ခြားထိုင်ကာ ကျင်းပနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက RFA ကို ပြောပါတယ်။

"social distancing ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် အစည်းအဝေးခန်းမထဲမှာတော့ ပုံမှန်အနေအထား ထက် သဘောက နှစ်ယောက်စာမှာ တစ်ယောက်ပဲ ထားတာပေါ့ဗျာ၊ ကျတော်တို့ ပြည်ထောင်စုမှာဆိုရင် အစည်းအဝေးခန်းမထဲမှာ ကျတော်တို့ဆီက အများဆုံးဆိုတော့ အောက်ထပ်မှာ တင်မရဘဲနဲ့ အရင်တုန်းက လေ့လာတဲ့သူတွေထားတဲ့ အပေါ်ထိအောင် နေရာချထားပေးရမယ့် အနေအထားရှိတယ်၊ ကျတော်တို့မှာ မူလတပ်ဆင်ထားတဲ့ Voting စနစ် တို့ Mic  စနစ်တွေကတော့ လုံလောက်မှု မရှိဘူးပေါ့၊ မရှိတဲ့အခါကျတော့ အဲ့ဒီနေရာတွေမှာ ကျတော်တို့က ယာယီသဘောမျိုးနဲ့ ဝါယာလက် မိုက်တွေ အသုံးပြုမှာပေါ့၊ နောက်တစ်ခု ကတော့  voting လုပ်စရာရှိရင် E-Voting တော့ မရတော့ဘူးပေါ့၊ တခြား မတ်တပ်ရပ်တဲ့ နည်းလမ်းတို့နဲ့ ဒါမျိုးလုပ်ရမှာပေါ့"

လွှတ်တော် ၃ ရပ်မှာ ၂၅ ရာခိုင်နှုန်း ပါဝင်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ အထောက်အကူပြုအဖွဲ့တွေကိုတော့ တပ်မတော်ကနေ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး တစ်ယောက်မှ ပိုးမတွေ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ကျင်းပမယ့် ၁၆ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာတော့ အစိုးရရဲ့ ဖြည့်စွက်ဘတ်ဂျတ် ကိစ္စတွေ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်၊ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်းငါးဆယ်ကိစ္စတွေကို မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ဒီ ၁၆ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးကို မူလက ဧပြီ ၂၄ ရက်ကနေ ဇွန် ၅ ရက်နေ့ထိ ကျင်းပဖို့လျာထား ခဲ့ပေမယ့်၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နောက်ဆုတ်ခဲ့ရပြီး၊ အခု မေလ ၁၈ ရက်နေ့ကျမှ စတင်ကျင်းပဖို့ ဖြစ်လာတာပါ။

အစည်းအဝေးပြီးမယ့်ကာလကိုတော့ အရင်လျာထားတဲ့ ဇွန်လ ၅ ရက်နေ့မတိုင်ခင် စောပြီးအောင်ဆောင်ရွက် ဖို့ပဲရှိပြီး၊ အဲဒီရက်ထက် နောက်ကျပြီးတာမျိုးမဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။