နိုင်ငံရဲ့မူဝါဒတွေနဲ့အညီ ဥပဒေရေးဆွဲဖို့ သမ္မတ ပြော

သီဟထွန်း
2020.01.31

နိုင်ငံတော်ရဲ့မူဝါဒတွေအပေါ် အခြေခံပြီး လွှတ်တော်က ဥပဒေရေးဆွဲပေးရတာဖြစ်လို့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ အလွန်အရေးကြီးကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်လွှတ်တော်ဝင်းမှာ ဒုတိယအကြိမ်မြောက် လွှတ်တော်သက်တမ်း လေးနှစ်မြောက် အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်ကလည်း ဒီမိုကရေစီကျင့်စဉ်ကိုသွားနေတာမို့ အများစုရဲ့သဘောကို အလေးထားရမှာဖြစ်ပါ တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဥပဒေရဲ့အနှစ်သာရကိုကြည့်ရသလို ဥပဒေရဲ့ဝေါဟာရကိုလည်း မပျောက်ဖို့လည်း အရေးကြီးတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဥပဒေရေးဆွဲဖို့ လွှတ်တော်တစ်ရပ်ချင်း၊ ကိုယ်စားလှယ်တွေ တစ်ဦးချင်းအနေနဲ့လည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ ဥပဒေ ၂၂ ခု၊ ၂၀၁၇ ခုနှစ်မှာ ၂၉ ခု၊ ၂၀၁၈ ခုနှစ်မှာ ၃၆ ခုနဲ့ ၂၀၁၉ ခုနှစ်မှာ ၄၀ စုစုပေါင်း ဥပဒေ ၁၂၇ ခုကို ရေးဆွဲအတည်ပြုနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကလည်း မဲဆန္ဒရှင်ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စတွေကိုသာ လွှတ်တော်ထဲမှာ အဆိုတင်သွင်း မေးခွန်းမေးခဲ့တာတွေရှိခဲ့ပြီး ကျန်တဲ့လွှတ်တော် သက်တမ်းအတွင်းမှာလည်း အတတ်နိုင်ဆုံး မဲဆန္ဒရှင်တွေအတွက်ကိုပဲ လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

ဒီကနေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒုတိယသမ္မတ နှစ်ဦးတို့ တက်ရောက်ခဲ့ကြသလို လွှတ်တော်ဥက္ကဋ္ဌတွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။