နိုင်ငံခြား ငွေချေးမှု အမတ်တွေဝေဖန်


2016.08.12
aunghlaingwin-620.jpg မင်္ဂလာဒုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း သြဂုတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးနေစဉ်
Photo: Myanmar Union Parliament

အစိုးရအနေနဲ့ နိုင်ငံတကာက ချေးငွေတွေယူတဲ့အခါမှာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမယ့် လုပ်ငန်းတွေ အတွက်သာဖြစ်သင့်ကြောင်း မင်္ဂလာဒုံမဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ရာ ဦးအောင်လှိုင်ဝင်းက အခုလိုဆွေးနွေးသွားတာပါ။

"ချေးငွေက တစ်ချိန်မှာပြန်ဆပ်ရမှာဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီဟာက အလကားပေးတာမဟုတ်ပါဘူး ဒေါ်လာ သန်း ၁ဝဝ၊ နှစ် ၃ဝ ကျော်နဲ့ချေးတယ်၊ နှစ် ၄ဝ နီးပါးချေးတယ်ဆိုပေမယ့် ကျနော်တို့ သားစဉ်မြေးဆက် ကျနော်တို့ မြေးတွေ၊ မြစ်တွေကျရင် ပြန်ဆပ်ရမှာဖြစ်ပါတယ်၊ မိဘတစ်ဦးအနေနဲ့ စဉ်းစားမယ်ဆိုရင်တောင် မှ ကိုယ့်သားသမီးနောင်ရေးအတွက် ပိုက်ဆံတွေချန်ခဲ့ရမယ့်အစား ကိုယ့်သားသမီးဆပ်ရမယ့် အကြွေးတွေ ကို ယူပြီးတော့သုံးနေတာမျိုးဟာ မသင့်လျော်ပါဘူး၊ တကယ်တိုးတက်ရေးလုပ်ငန်းရှိမှသာ ဒီပိုက်ဆံတွေကို သုံးစွဲသင့်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က အခုလိုတင်ပြရနေတာက ဘဏ်လုပ်ငန်းတွေကို မတိုးတက်စေ ချင်လို့၊ ဘဏ်လုပ်ငန်းတွေကို ပိတ်ပင်ဖို့ ဒါအတွက် ကျနော်တို့ ပြောနေတာမဟုတ်ပါဘူး၊ ကျနော်တို့က ဘဏ်လုပ်ငန်းတွေကို တိုးတက်စေချင်တယ်၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးတက်စေချင်ပါတယ်၊ သို့သော် ဒီချေးငွေကအကျိုး ရှိ မရှိ ဆိုတာကို ကျနော်တို့ ဆွေးနွေးနေတာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီချေးငွေနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနရဲ့ ခိုင်လုံတဲ့၊ လုံလောက် တဲ့အကြောင်းပြချက်ရှိမှာသာ ခွင့်ပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲဖို့ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စား လှယ် ဦးသန်းစိုးက ထောက်ပြဆွေးနွေးသွားပါတယ်။

နိုင်ငံတကာက ချေးငွေတွေ အထောက်အပံံ့တွေကြောင့် တိုးတက်သွားတဲ့နိုင်ငံ ကမ္ဘာပေါ်မှာမရှိ ကြောင်းနဲ့ နိုင်ငံ စီးပွားရေး ဖွ့ံ့ဖြိုးတိုးတက်ဖို့ုဆိုတာ ကိုယ်တိုင်းပြည်ကသာ အဓိကဖြစ်ကြောင်းလည်း ဦးအောင်လှိုင်ဝင်းက ဆွေးနွေး ပါတယ်။

ဒီကနေ့ ဆွေးနွေးမှုတွေကို လွှတ်တော်က ဆုံးဖြတ်ချက်မရှိသေးဘဲ နောက်ဘယ်နေ့မှာ ဆက်လက် ဆွေးနွေးမယ် ဆိုတာလည်း ကြေညာခဲ့ခြင်းမရှိခဲ့ပါဘူး။

ချေးယူမယ့် သန်း ၁၀၀ ထဲက ဒေါ်လာ ၇၅ သန်းဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်ဖြစ်ပြီး ဝန်ထမ်းလစာ၊ စရိတ်၊ ပင်စင်ငွေပေးဖု့ိ အထောက်အပံံ့အနေနဲ့ သုံးစွဲသွားမှာ ဖြစ်သလို ကျန်တဲ့ ဒေါ် လာ ၂၅ သန်းဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အရည်အသွေးမြှင့်တင်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

အဲ့ဒီချေးငွေဟာ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်နဲ့ အတိုးမဲ့ချေးငွေဖြစ်ပြီး ဝန်ဆောင်ခ တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးကနေ ယူထားတဲ့ကြွေးမြီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။