နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်မှာ လက်မှတ်ထိုးရေးဆွေးနွေး


2018.09.14
zawtunoo-622.jpg တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
.

ဒေသတွင်းမှာ နျူကလီးယား အန္တရာယ်ကျရောက်ရင် နိုင်ငံတကာအကူအညီရဖို့နဲ့ နိုင်ငံတကာက သံသယကင်းစေဖို့ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်မှာ လက်မှတ်ထိုးသင့်တယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်က ပေးပို့တဲ့ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးစာချုပ်မှာ မြန်မာပါဝင် လက်မှတ်ရေး ထိုးဖို့ အဆိုပြုသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၀ ဦးက ဒီကနေ့ ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက တိုက်တွန်းဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ နျူကလီးယားစွမ်းအင်ကို ဆေးပညာ၊ သိပ္ပံပညာ၊ စွမ်းအင်ထုတ်ယူရေး နယ်ပယ်တွေမှာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အသုံးပြုသွားမယ်လို့လည်း ပြောပါတယ်။

နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ပေါင်း ၆၀ ရှိပြီး ဒီအထဲမှာ ၁၅ နိုင်ငံက ဥပဒေအဖြစ် အတည်ပြု ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီလို အတည်ပြုပါဝင်တဲ့ နိုင်ငံ ပေါင်း ၅၀ ရှိမှသာ စာချုပ်အာဏာ သက်ဝင်မယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ထိုင်းနဲ့ ဗီယက်နမ်တို့က အတည်ပြုလက်မှတ်ရေးထိုးထားပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က လက်မှတ်ရေးထိုး မထားဘူးလို့လည်း သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးမှုအပြီး သမ္မတရဲ့ အဆိုပြု သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။