နောင်အစိုးရကို လွှတ်တော်က ထိန်းချုပ်နိုင်မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
2010.08.25
နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ (၂၄) ရက်နေ့က သူ့ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နဲ့ နေအိမ်မှာ တွေ့ဆုံစဉ် ခုလို ပြောကြားခဲ့တာလို့ ရှေ့နေဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူးတဲ့ ဒီဥပဒေအရ ဆိုရင်။ Parliamentary Government မဟုတ်ဘူးဗျာ၊ Presidential Government ဒါကို ပြောတာပါပဲ”
ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ရှေ့နေဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က မှာကြားရာမှာတော့ NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း မှာကြားတယ်လို့ ရှေ့နေဦးဉာဏ်ဝင်းက ပြောပါတယ်။
ရှေ့နေဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









