ပေါင်မြို့နယ်က ရဲနှစ်ဦး အသတ်ခံရလို့ ဒေသခံငါးဦးကို စစ်ကောင်စီက ဖမ်းဆီး

RFA Burmese
2022.12.13
ပေါင်မြို့နယ်က ရဲနှစ်ဦး အသတ်ခံရလို့ ဒေသခံငါးဦးကို စစ်ကောင်စီက ဖမ်းဆီး ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းကို တွေ့ရစဉ်။
YPC Fighter

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေ ရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့ ပစ်ခတ် ခံရပြီးနောက် ဥတ္တံတားရွာက ဒေသခံငါးဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒသခံတွေက RFA ကိုပြောပါတယ်။

ဖလပ်ကျေးရွာအနီး လမ်းမပေါ်မှာ နယ်ထိန်း ရဲအုပ်မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်းတို့ နှစ်ဦးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဒီဇင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

အဲဒီနောက် ဖလပ်ကျေးရွာနဲ့ ရွာချင်းဆက် ဥတ္တံတားရွာက ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်မှုတွေ ဖြစ်ပြီးတော့ အဲဒီညမှာပဲ ဥတ္တံတားရွာထဲက အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားတစ်ဦးကို ဖမ်းသွားတာ အခုအထိတော့ ပြန်လွတ်လာတာမရှိသေးဘူး။ နောက်ထပ် လူငယ်ပိုင်းထဲက နှစ်ဦးကိုထပ်ဖမ်းတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ညကျတော့ အိမ်ပြန်နောက်ကျတဲ့ ကောင်လေးနှစ်ယောက်ကို ထပ်ဖမ်းသွားတာ။ အခုထိတော့ ဘာမှထပ် မကြားသေးပါဘူး”

ဒီပစ်ခတ်မှုကို နန်းထိုက်အောင်မြို့ပြ စစ်ဆင်ရေးအနေနဲ့ မွန်ပြည်နယ်အခြေစိုက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အဖွဲ့က ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပေမယ့် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကတော့ အဲဒီရဲတပ်ဖွဲ့ဝင် နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ရေးသားထားပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်လာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ ၁၃၀၇၄ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။