ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC တွေ့ဆုံမည်

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့ UNFC က ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြမယ်လို့ UNFC က ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာနရုံးမှာ တွေ့ဆုံကြမှာဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။

"NRPC ရန်ကုန်မှာပါ၊ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ် DPN နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့ အဌမအကြိမ်မြောက်တွေ့ဆုံမှုဖြစ်မှာပေါ့၊ ကျွန်တော်တို့ အဆိုပြုထားတဲ့ ၈ ချက်ပေါ့၊ အဲဒီအချက်ကိုပြေလည်ရင် ၉ မှာ NCA လက်မှတ်ရေးထိုးမယ် ပြောထားတာကို အဲဒီ ၈ ချက် ထဲမှာ ဆွေးနွေးမှု မပြီးပြတ်သေးတဲ့အချက်တွေ ကျန်သေးတယ်၊ အစိုးရတပ်မတော်ဘက်က မူဝါဒ အပြောင်းလဲမှုမရှိလို့ပဲဖြစ်မယ်၊ ဒီတစ်ကြိမ်မှာတော့ တပ်ပိုင်းဆိုင်ရာ ကြိုတင်ညှိနှိုင်းမယ့် အစီအစဉ်တွေ ပါတယ်၊ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေလည်း ကိုယ်စားလှယ်ထဲမှာပါလာမယ်’’

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရေးအတွက် UNFC ဘက်က အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေ ကို ရေးဆွဲပြဌာန်းဖို့ စတဲ့ အချက် ၈ ချက်ကို တောင်းဆိုထားတာပါ။

အဲဒီ အချက် ၈ ချက်ကို နှစ်ဖက်ဆွေးနွေးနေကြတာဖြစ်ပြီး အဲဒီအထဲက ၄ ချက်ကို မူအားဖြင့် သဘောတူထား တယ်လို့ ထုတ်ပြန်ထားပါတယ်။

UNFC အဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ MNSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU စတဲ့အဖွဲ့တွေ ပါဝင်ကြပါတယ်။