ကျေးလက်ပြည်သူများစကားဝိုင်း ပြုလုပ်မည်


2017.08.05
peace-talk-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်ပြည်သူတွေပါဝင်တဲ့ ကျေးလက်ပြည်သူများ စကားဝိုင်းကျင်းပမယ့် ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo:Myanmar State Counsellor Office

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျေးလက်ပြည်သူတွေပါဝင်မယ့် ကျေးလက်ပြည်သူများစကားဝိုင်းကို သြဂုတ်လ ၇ ရက်နေ့မှာ  မန္တလေးတိုင်းဒေကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျင်းပသွားမယ် လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီစကားဝိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဲဒီကျေးရွာမှာနေထိုင်တဲ့ ကုန်ကားပိုင်ရှင်၊ သီးနှံပွဲစား၊ ဆန်စက်ပိုင်ရှင်၊ ယက္ကန်းရုံပိုင်ရှင်၊ ကျောင်းဆရာ၊ ကုန်စုံဆိုင်ပိုင်ရှင်၊ တောင်သူ စုစုပေါင်း ၈ ဦးက ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ မနက် ၁ဝ နာရီကနေ စတင်ဆွေးနွေးမှာဖြစ်ပြီး MRTV ရုပ်သံလိုင်း၊ Myanmar State Counsellor Office Facebook နဲ့ Myanmar President Office Facebook တို့ကနေ ဆွေးနွေးပွဲကို တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်ပြုလုပ်မယ့် လက်ပြည်သူများစကားဝိုင်းဟာ လေးကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဝမ်းတွင်းမြို့ကနေ ၂ မိုင်အကွာလောက်မှာရှိတဲ့ မြေတိုင်ကန်ရွာမှာ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နိုင်ငံတော် အတိုင်ပင်ခံရုံး တာဝန်ရှိသူတွေ လာရောက်ပြီး စကားဝိုင်းကျင်းပဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။