သြဂုတ်လကျင်းပမယ့် ပင်လုံညီလာခံပြင်ဆင်ရေး ရန်ကုန်မှာ ဆွေးနွေး

ခင်မောင်စိုး
2020.06.22

အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပတဲ့ အဲဒီ အစည်းအဝေးကို ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ တိုင်းရင်းသားတွေဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဖဒိုစောဆဲလ်ဂေတို့ ဦးဆောင်တက်ရောက်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက မနေ့က အစည်းအဝေးကနေ လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ  JMC-U (Joint Ceasefire Monitoring Committee – Union Level) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်ထောင်စု အဆင့် အစည်းအဝေး ကျင်းပဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။ အဲဒီ အစည်းအဝေးကို မူလက ဒီနှစ် မတ်လ မကုန်ခင်ကျင်းပဖို့ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ ကျင်းပနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

“ ဒီ JMC-U အစည်းအဝေးကို ၂ဝ၁၈ စက်တင်ဘာလမှာ နောက်ဆုံးကျင်းပခဲ့တာဖြစ်တဲ့အတွက် အခုထပ်မံကျင်းပမယ့် လာမယ့် ဇူလိုင်အထိဆိုရင် မကျင်းပနိုင်ခဲ့တာ ၁ နှစ်နဲ့ ၁ဝ လရှိမှာဖြစ်လို့ ဒီသဘောတူချက်ဟာ ကောင်းပါတယ်။ မနက်ဖန် ဇွန် ၂၃ ကနေ ၂၅ အထိ ဆက်လက်ကျင်းပမယ့် အစည်းအဝေးတွေမှာတော့ လာမယ့် သြဂုတ်လ ကျင်းပဖို့ရည်မှန်းထားတဲ့ ပင်လုံညီလာခံအတွက် ပြင်ဆင်ရေးလုပ်ငန်းတွေကို ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်”


ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲရလဒ်က ဘယ်လိုရှိမလဲ၊ တပ်မတော်ခေါင်းဆောင်ပိုင်းမှာကော အပြောင်းအလဲ ရှိမှာလားဆိုတဲ့ မေးခွန်းတွေ လူထုအကြား ပျံ့နှံ့နေပါတယ်။

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ရရှိတဲ့ ရလဒ်တွေကို နောက်လာမယ့် အစိုးရသစ်သက်တမ်းမှာ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့အတွက် လာမယ့် ပင်လုံညီလာခံမှာ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ကို ချုပ်ဆိုဖို့ အစီအစဉ်ရှိတယ်လို့လည်း ဦးလှမောင်ရွှေက RFA ကို မနေ့ညက ပြောပါတယ်။

မနေ့က ကျင်းပတဲ့အစည်းအဝေးကို တက်ရောက်တဲ့ ပအို့ဝ်တိုင်းရင်းသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပတာကြာလာတဲ့အတွက် နည်းနည်းအီနေပြီး တိုးတက်မှုနည်းတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် တတ်နိုင်သမျှသူတို့ကြိုးစားနေပြီး လာမယ့် ပင်လုံညီလာခံမှာ ချုပ်ဆိုမယ့် စာချုပ်ဟာ အရေးကြီးတဲ့ တိုးတက်မှုဖြစ်ပါလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“အခု စတုတ္ထပင်လုံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူညီချက်မှာတော့ ပထမဆုံး အချက်အနေနဲ့ ချုပ်ဆိုထားပြီးသား NCA သဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် မူဘောင်တွေကို ထည့်သွင်းချုပ်ဆိုမယ်၊ နောက်တခုက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကျနော်တို့ ထည့်သွင်းချုပ်ဆိုမယ်။ အခုလို တည့်သွင်းချုပ်ဆိုရတာဟာ ၂ဝ၂ဝ ရွေးကောက်ပွဲ အလွန်မှာ ဘယ်အစိုးရပဲ တက်လာ တက်လာ ဒီနိုင်ငံရေးအခြေခံတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့၊ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းဖို့ ထည့်သွင်းချုပ်ဆိုမှာ ဖြစ်ပါတယ်။ အရင် ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက် အပိုင်း ၁ နဲ့ အပိုင်း ၂ မှာက ဖယ်ဒရယ်အခြေခံမူတွေပဲ ပါဝင်ပြီး အခု ပင်လုံညီလာခံမှာ ချုပ်ဆိုမယ့် အပိုင်း ၃ စာချုပ်မှာတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ပါဝင်မှာ ဖြစ်ပါတယ်”

Generation Wave မျိုးဆက်လှိုင်းအဖွဲ့ရဲ့ ဥက္ကဌ ကိုမိုးသွေးကတော့ …

“အစိုးရတခုနဲ့တခုအကြား ရွေးကောက်ပွဲ မတိုင်မီမှာ အကူးအပြောင်းမှာ ပဋိဉာဏ်တချို့ ယူသွားချင်တဲ့သဘောပေါ့။ ရရှိပြီးသား သဘောတူညီချက်တွေဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးအကြီးဆုံးတွေ မဟုတ်တော်လည်း ရပြီးသားတွေကို ရှေ့ဆက်သယ်သွားနိုင်ဖို့အတွက် ညှိနှိုင်း သဘောတူညီချက်ယူတဲ့ သဘောလောက်ပဲ ရှိမယ်ထင်တယ်။ ထပ်ပြီးတော့ ထူးခြားတဲ့ သဘောတူညီချက်တွေ ထွက်လာမယ်လို့တော့ ကျနော် မထင်ဘူး။ တဖက်မှာလည်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲက ဆယ်စုနှစ်အတွင်းမှာ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် လွယ်လွယ်ကူကူနဲ့ တိုးတက်လာမယ်လို့ ကျနော်တော့ မယူဆဘူး”
လို့ပြောပါတယ်။

လာမယ့် သြဂုတ်လ ကျင်းပမယ့် ပင်လုံညီလာခံက ပေါ်ထွက်လာမယ့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက်ယူရမှာဖြစ်ပါတယ်။ အဲဒီစာချုပ်မှာ ပါဝင်မယ့် အသေးစိတ်အချက်တွေကို ဘယ်တော့ ထုတ်ပြန်မှာလဲဆိုတာတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။