မဲဆွယ်မိန့်ခွန်းဖြတ်တောက်မှုတွေကို ပြည်တွင်း၊ ပြည်ပက ဝေဖန်

နေမျိုးထွန်း
2020.09.30

၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

ပါတီတချို့ ဒီလို မိန့်ခွန်းဆင်ဆာဖြတ်တောက်မှုဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အများအပြား ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် မီဒီယာကနေ ထုတ်လွှင့်မယ့် ပါတီရဲ့ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြတ်တောက်တာကြောင့် ရုပ်သံထုတ်လွှင့်မယ့် အစီအစဉ်မှာ ပါဝင်တော့မှာမဟုတ်ကြောင်း မနေ့က သဘောထား ထုတ်ပြန်ထားပါတယ်။

အလားတူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ နိုင်ငံရေးပါတီတချို့ရဲ့ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတချို့ UEC က ဖြတ်တောက်မှု ခံခဲ့ရပါတယ်။

ပါတီစုံဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွန်းတွေ သဘောတရားတွေ ကျင့်စဉ်တွေကို ချိုးဖောက်တာလို့ ခံယူတဲ့အတွက် နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောစည်းရုံးမှု မလုပ်တော့ဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီက RFA ကို ပြောပါတယ်။

“ပြည်သူတွေကို သူ့ရဲ့ စီးပွားရေးပေါ်လစီ၊ နိုင်ငံရေးပေါ်လစီ စတဲ့ နိုင်ငံရေးမူဝါဒတွေကို ချပြပြီးတော့ ကျွန်တော်တို့က စည်းရုံးမယ်။ အဲဒီထဲမှာ ကြိုက်တဲ့သူက ထောက်ခံမယ်၊ မကြိုက်တဲ့သူက ကန့်ကွက်မယ် ဒါက မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ခွင့်။ အဲဒါကို မဲဆန္ဒရှင်တွေက မရွေးချယ်ရခင်မှာ ကော်မရှင်က စပြီးတော့ စိတ်ကြိုက်စိစစ်ဖြတ်တောက်တယ်ဆိုတာက ပါတီစုံဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွန်းတွေ၊ သဘောတရား တွေ ကျင့်စဉ်တွေကို ချိုးဖောက်တာလို့ ကျွန်တော်တို့က ခံယူတဲ့အတွက်ကြောင့် ဒီလိုတည်းဖြတ်တာမျိုး ကျွန်တော်တို့ လက်မခံဘူး။ ဒါ့ကြောင့် နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောမှုမလုပ်တော့ဘူးလို့ အကြောင်းပြန်လိုက်တာဖြစ်တယ်”

ပြည်သူတွေဟာ တုံးလုံးစာဝေးလို့ မတ်တပ်စာတောင် အနိုင့်အနိုင် ရပ်တည်နေရတယ်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နံှသူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်နေတာဟာ ဘဏ်အတိုးနှုန်း မြင့်မားနေတာကြောင့်ဖြစ်တယ်၊  အခွန်ကောက်ယူရာမှာလည်း ရိုးရှင်း သင့်တင့် မျှတတဲ့ စနစ်ဖြစ်ဖို့အပြင် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်ထမ်းစနစ်ဖြစ်ဖို့ လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်တွေ ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ဒို့တာဝန်ရေးသုံးပါးကို ထိခိုက်တာ၊ လူမျိုးရေးဘာသာရေးကို ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တာ မရှိတဲ့အပြင် တခြားလူပုဂ္ဂိုလ် ပါတီအဖွဲ့အစည်းတွေကို တိုက်ခိုက်တာမဟုတ် ငြိစွန်းစရာမရှိဘူးလို့ ယူဆကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ပါတီတစ်ခုချင်းစီရဲ့ မူဝါဒတွေကို အများပြည်သူ သိနိုင်အောင် နိုင်ငံပိုင် မီဒီယာတွေကနေ တင်ပြတဲ့ အစီအစဉ်မှာ မိန့်ခွန်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က စိစစ်ခွင့်ပြုပြီးမှ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ချက်ဟာ လုပ်ပိုင်ခွင့်ကိုကျော်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ပါတီတာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားပြီးတော့ ဆင်ဆာဖြတ် တောက်မှုတွေကို တတ်နိုင်သမျှ နည်းစေချင်တယ်လို့ New Myanmar Foundation ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“အထူးသဖြင့်ကတော့ ဒီလိုရွေးကောက်ပွဲကာလတွေပေါ့နော်၊ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ရွေးကောက်ပွဲကာလ တွေမှာ ဆိုရင်တော့ သူတို့အတွက်ကတော့ အဟန့်အတားဖြစ်တယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ စည်းရုံး ခွင့်တွေ မရဘူးလို့ ပါတီတွေနေနဲ့ ယူဆနိုင်တယ်။ အဲလို ယူဆလို့လည်း အင်တာဗျူးတွေမှာ ပြောဆိုနေကြ တယ်ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် ဒီလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးပေးပြီးတော့မှ ဆင်ဆာ ဖြတ်တာမျိုးကိုတော့ တတ်နိုင်သမျှ နည်းစေချင်တာပေါ့နော်”

Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ လက်ရှိ အာဏာရ ပါတီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခုလိုဖြတ်တောက်မျိုး လုံးဝမလုပ်သင့်သလို ဘက်လိုက်ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဖိနှိပ်တဲ့သဘော သက်ရောက်တယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အရမ်းအရေးကြီးတယ်ပေါ့နော်၊ လက်ရှိအာဏာရပါတီက ခန့်အပ်ထားတဲ့ ရွေးကော်ကနေပြီး ဒါမျိုးလုပ်တဲ့ဟာက လုံးဝ လုံးဝ မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုလည်းရှိတယ်။ နောက်တစ်ခုက ပါတီ တစ်ခုတည်းကို လုပ်တာမဟုတ်ဘူး အဲတော့ ဒါတွေအကုန်လုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ဆိုခွင့်ကို ချိုးဖောက်ရာရောက်တဲ့အပြင် အဲဒီပါတီတွေကို သက်သက် ဖိနှိပ်တဲ့သဘော ပိုပြီးသက်ရောက်တာပေါ့”

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက် တွေကို ဖြတ်တောက်တာတွေ သတိထားသင့်ကြောင်းနဲ့ မတူတဲ့အမြင်တွေ ဖြတ်တောက်နေတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံတွေနဲ့ မသင့်လျော်ဘူးလို့ ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲ တရားမျှတမှု လွတ်လပ်မှုဆိုတာက အဲဒီရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီ တွေရဲ့ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်လည်း ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲစံနှုန်းတွေနဲ့ တိုင်းလို့ရှိရင်။ ဒါကြောင့်မို့ ဒီနေ့အခြေအနေမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ဖြတ်တောက်တာနဲပတ်သက်ပြီးတော့ သတိလွန်စွာထားသင့်ပြီးလို့ ထင်ပါတယ်။ ဒီလို မတူတဲ့အမြင်တွေကို ဖြတ်တောက်နေတယ်ဆိုတာကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ဆိုရင် သင့်လျော်လိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch (HRW) ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့မိန့်ခွန်းတွေကို ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်က ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်။ အစိုးရကို ချက်ကျလက်ကျ ဝေဖန်ထောက်ပြတဲ့ သတင်းစကားတွေကို ဖယ်ရှားလိုက်ခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ဝင်ရောက်စွတ်ဖက်တာဖြစ်သလို၊ ပါတီစုံရွေးကောက်ပွဲတွေရဲ့ အခြေခံ အုတ်မြစ်တွေကို ခြေခြေမြစ်မြစ်မသိဘူး ဆိုတဲ့အချက်ကို ဖော်ပြရာလည်း ရောက်ကြောင်းပြောပါတယ်။

“NLD ပါတီ အစိုးရက ခန့်အပ်ထားတဲ့ ကော်မရှင်က ဖြတ်တောက်တာဖြစ်တာကြောင့် ဒီလိုဖြတ်တောက် မှုတွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပုန်းကွယ်မနေသင့်ဘဲ တုံ့ပြန်ပြောဆိုသင့်တယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ NLD ပါတီအစိုးရက ကော်မရှင်ကို ခန့်အပ်ထားတာ မှန်ပေမယ့် လုပ်ထုံးလုပ်နည်းအရ ငြိစွန်းမှုရှိတာကြောင့် ဖြတ်တောက်တာလို့မြင်ကြောင်းနဲ့ အဲဒီအပေါ်မှာ ဝင်ရောက် မစွက်ဖက်လိုကြောင်း ပြောပါတယ်။

“မှန်ပါတယ်၊ ဒီဟာ NLD အစိုးရ သမ္မတက လက်မှတ်ထိုးပြီး ခန့်အပ်ထားတဲ့ ကော်မရှင်ပေါ့။ ပါတီနဲ့တော့ သိပ်ပြီး တိုက်ရိုက်မပတ်သက်ဘူး။ နောက်တစ်ခုကလည်း ကော်မရှင်က သူ့ကော်မရှင်ရဲ့ လုပ်ထုံးလုပ် နည်းပေါ့နော်၊ ကော်မရှင်ရဲ့ ပြဌာန်းတဲ့ ဥပဒေရ ဘာအရ ဒီလိုလုပ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သူ့လုပ်ထုံးလုပ်နည်းမရှိဘဲနဲ့ သူ့ရဲ့ မူဘောင်မရှိပဲနဲ့တော့ လုပ်မှာမဟုတ်ဘူး။ ဒီဟာပေါ်မှာ ငြိစွန်းလို့ပဲ သူက မဖြစ်သင့် မဖြစ်ထိုက်တာပေါ့လေ ဆိုပြီး ဒီဟာကို ဖြတ်တောက်တယ်လို့ပဲ ယူဆတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဝင်ပြီးတော့ မစွက်ဖက်ချင်ဘူး”

နိုင်ငံရေးပါတီတွေရဲ့ မိန့်ခွန်းတွေ ဆင်ဆာဖြတ်တောက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြောမှုတွေကို ကော်မရှင်ရဲ့ သတ်မှတ်ချက်နဲ့အညီ ရိုက်ကူးပေးနေပြီး အဲဒီဟောပြောမှုတွေကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက တည်းဖြတ်ပြင်ဆင်တာ လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စက်တင်ဘာ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်း ရုပ်သံမဲဆွယ် မိန့်ခွန်းတွေကို ကော်မရှင်ကစိစစ်ပြီး စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ အလှည့်ကျ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း မဲဆွယ် စည်းရုံးရေး မိန့်ခွန်းထဲက အစိတ်အပိုင်းတချို့ကို UEC က ဆင်ဆာဖြတ်တာကြောင့် နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်မယ့် အစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆိုလိုက်ကြောင်း RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားထားပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ထဲမှာ ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်အရေး၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက မြေယာအရေးအခင်း၊ မန္တလေးတိုင်း အောင်သပြေ ကျေးရွာက ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တဲ့ ဘိလပ်မြေစက်ရုံကိစ္စ စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒေသအတွင်း လျှပ်စစ်ဓာတ်အား အခြေအနေနဲ့ ထားဝယ်တိုင်းရင်းသား ရပိုင်ခွင့်ကိစ္စတွေကို ဖြတ်တောက်ခံ ရတယ်လို့ ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်က  စက်တင်ဘာလ ၂၁ ရက်နေ့ကပဲ RFA ကို ပြောဆိုထားပါတယ်။

တနင်္သာရီဒေသ လျှပ်စစ်မီးကိစ္စမှာ ပြည်မနဲ့မတူဘဲ တယူနစ်ကို ကျပ် ၂၀၀ ကျော်ကနေ တထောင်အထိ ပေးနေရတာတွေဟာ တန်းတူအခွင့်အရေးမရဘဲ ဒုတိယတန်းစားလူမျိုးလား၊ ဒုတိယတန်းစားဒေသလားလို့ ပါတီရဲ့ မိန့်ခွန်းမှာ မေးခွန်းထုတ်တာကို UEC က ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
----------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။