ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ


2019.05.18
hpakant-yaymasay-622.jpg ဖားကန့် ကျောက်စိမ်းလုပ်ကွက် တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ မနေ့ မနက်က အမြင့် ၁၀ ပေ ကျော်လောက်ရှိတဲ့ မြေပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက် ဝင်ရောက် ရှာဖွေသူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးမှာ တင်ပို့ ကုသပေးထားကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို ပြောပါတယ်။

အဲ့ဒီမြေပြိုကျတဲ့နေရာဟာ လုပ်ကွက်သက်တမ်း ကုန်ဆုံးလို့ ပိတ်သိမ်းထားပြီး အန္တရာယ်ရှိ ဆိုင်းဘုတ်စိုက်ထူထားတဲ့နေရာဖြစ်ပြီး ရေမဆေးကျောက် ရှာဖွေသူတွေက တရားမဝင် ဝင်ရောက်ရှာဖွေချိန်မှာ မြေပြိုကျမှုဖြစ်ခဲ့တာဖြစ်ကြောင်းလည်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက် လာရောက်ရှာဖွေနေတဲ့ ရခိုင်တိုင်းရင်းသားတွေဖြစ်ကြောင်း ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးက တင်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလက နွံကန်ပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၅၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အန္တရာယ်ရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ရှစ်ခုမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၁၁ ခုကို ကချင်ပြည်နယ်အစိုးရ အဖွဲ့က ကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။