ဖားကန့်ကို ရာဇဌာနီ ကုမ္ပဏီ ယမ်းတန်ချိန် ၂ဝဝဝ သယ်ယူ


2016-05-27
Share
yaymasay-pharkant-620.jpeg ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက သာယာကုန်းကမ်းပါးမှာ ၂၀၁၃ ခုနှစ်အတွင်းက ကျောက်စိမ်း တူးဖော်နေမှုကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ရာဇဌာနီ ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ တန်ချိန်နှစ်ထောင်လောက်ရှိတဲ့ ယမ်းတွေကို မနေ့က ကားအစီးတစ်ရာကျော်နဲ့ ဖားကန့်ကို သယ်ယူနေပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိထားတယ်လို့ပြောပြီး သယ်နေတာဖြစ်ကြောင်း ယမ်းတွေသယ်တဲ့ ကားတွေကိုတေ့ွရှိခဲ့တဲ့ ဖားကန့်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။

"ယမ်းကားတွေက အစီး ၁၁ဝ လောက် ဖားကန့်ဘက်ကို ကားကြီးတွေနဲ့ပေါ့နော် သယ်နေတဲ့အနေအထား ကို ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပေါ့နော်၊ ကားအစီးက ၁၁ဝ ရှိတယ်၊ ယမ်းတန်ချိန်က ၂ဝဝဝ ရှိတယ်၊ ရာဇဌာနီလို့ခေါ်တဲ့ ကုမ္ပဏီကနေ ခွင့်ပြုမိန့်ပါတယ်လို့ အဲ့လိုပြောတယ်၊ ဒီအချိန်မှာ ပြည်ထောင်စု ဝန်ကြီးကနေပြီးမှ ကုမ္ပဏီလုပ်ကွက်တွေကိုစိစစ်ဖို့ ပြောနေတဲ့အချိန်မှာ အခုလိုပေါ့ ဒီယမ်းကားကြီးတွေ ရာနဲ့ချီပြီးမှ အခုလိုမျိုးပေါ့နော် ဖားကန့်မြို့ကိုသယ်နေတယ်၊ ဒီအချိန်ကာလမှာ ဒီလိုယမ်းတွေကိုပေ့ါနော် သယ်ယူမှုကို မလုပ်စေချင်ဘူး"

ကျောက်တူးဖော်ရေး လုပ်ငန်းသုံးယမ်းတွေကို သယ်ယူနေတဲ့ ရာဇဌာနီကုမ္ပဏီဟာ " ဝ " ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် UWSA နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီအားလုံးနီးပါးက ကျောက်တူးဖော်ရေးလုပ်ငန်းတွေမှာ ပြင်းအားများတဲ့ ယမ်းတွေကိုသုံးနေကြတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် ကုမ္ပဏီလုပ်ကွက်တစ်ခုကို ယမ်းတန်ချိန်ပမာဏ ဘယ်လောက်သတ်မှတ်ပြီး အသုံးပြုခွင့် ပေးထားတယ် ဆိုတာကိုလည်း အစိုးရအနေနဲ့ အများပြည်သူသိရှိ အောင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

အဲ့ဒီလို ယမ်းတွေ၊ မိုင်းတွေနဲ့ တောင်ဖြိုပြီး ကျောက်တူးဖော်လုပ်ကိုင်နေကြတဲ့ အကျိုးဆက်အနေနဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ မကြာခဏမြေပြိုပြီး လူတွေထိခိုက်သေဆုံးမှုတွေဖြစ်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့