ဖားကန့်မှာ မြေစာပုံပြိုကျမှုကြောင့် ကုမ္ပဏီနှစ်ခုကို လုပ်ပိုင်ခွင့် ယာယီရပ်ဆိုင်း


2016.01.27
pharkant-landslide-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံ ရှင်းလင်းနေတာကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က စွန့်ပစ်မြေစာပုံ ပြိုကျခဲ့တာကြောင့် အဲဒီမြေစာပုံတွေကိုပိုင်တဲ့ ကုမ္ပဏီနှစ်ခုကို လုပ်ပိုင်ခွင့် ယာယီရပ်ဆိုင်းထားလိုက်တယ် သိရပါတယ်။

ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီနဲ့ မြစ်ဆုံဧရာ ကျောက်မျက်ကုမ္ပဏီ နှစ်ခုတို့က စွန့်ပစ်တဲ့ မြေစာပုံတွေကနေ ပြိုကျခဲ့တာမို့ လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းခိုင်းလိုက်တာလို့ လုံးခင်းနယ်မြေရဲစခန်းက ရဲအုပ်ကျော်ဇောဦးက ပြောပါတယ်။

"ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီနဲ့ မြစ်ဆုံဧရာ ကျောက်မျက်ကုမ္ပဏီပေါ့၊ အဲ့ကုမ္ပဏီနှစ်ခုကနေပြီးတော့ စွန့်ပစ်မြေစာပုံဟောင်းပေါ့ ပြိုတာ၊ ရေမဆေးကျောက်ရှာတဲ့လူတွေ ဘာမှမဖြစ်ပါဘူးခင်ဗျ၊  အန္တရာယ် မဖြစ်ပွားစေရေးအတွက် လုပ်ငန်းယာယီရပ်ဆိုင်းတာကတော့ အကန့်အသတ် အတိုင်းအတာကတော့ ကျနော်လည်း ပြောလို့မရဘူး"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က အမတ်လင်းချောင်းကျေးရွာအုပ်စုထဲက မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီမြေစာပုံ ပြိုကျတဲ့အထဲမှာ ပါသွားလို့ လူ ၄၀ လောက် ပျောက်ဆုံးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသေအပျောက်စာရင်းတွေနဲ့ ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်းကတော့ အတည်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကန်ခမ် စုပေါင်း စွန့်ပစ်မြေစာ ပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။