လက်နက်တွေ လက်ဝယ်တွေ့ရှိမှု ဦးဖြိုးကိုကိုတင့်ဆန်း ငြင်းဆို


2019.09.23
phyokokotintsan-622.jpg နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၁၇ အောက်တိုဘာ ၁၅ ရက်နေ့က ဦးဇော်ဝင်းထိုက်၊ ဦးရဲမင်းဆွေနဲ့ ဦးဖြိုးကိုကို တင့်ဆန်း (ဝဲမှာယာ)တို့ကို လက်နက်၊ ခဲယမ်း၊ စိတ်ကြွဆေးတွေနဲ့အတူ သိမ်းဆည်းရမိစဉ်
Photo: Ministry of Home Affairs, Myanmar

ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းက လက်နက်ဥပဒေနဲ့ သူ့ကို တရားစွဲဆိုထားပေမယ့် လက်နက်တွေနဲ့အတူ လက်ဝယ် တွေ့ရှိတာ မဟုတ်တဲ့အတွက် အပြစ်မရှိကြောင်း တရားရုံးမှာ ငြင်းဆိုထားပါတယ်။

နေပြည်တော် လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းကို ပုဒ်မ ၁၄ ခုနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ဆက်လက်စစ်ဆေးခဲ့တာပါ။

ရန်ကုန်မြို့ သာကေတမြို့နယ် က ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်တဲ့ ACE ကုမ္ပဏီ အဆောက်အအုံမှာ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမှုအတွက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အရင်ရုံးချိန်းတွေကလည်း နေပြည်တော် လေဆိပ်နဲ့ ရဲစခန်းမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ ကိစ္စတွေကို စစ်မေးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ဥပဒေနဲ့ စွဲချက်တင်ထားတဲ့အပေါ် ငြင်းဆိုထားတဲ့အကြောင်း သူ့ရဲ့ ရှေ့နေ ဦးမြင့်အောင်က ပြောခဲ့ပါတယ်။

နောက်ရုံးချိန်းမှာ သူ့ရဲ့ နေပြည်တော် ACE ဟိုတယ်မှာမိတဲ့ လက်နက်မှုတစ်ခု စစ်ဖို့ ကျန်ရှိနေပါတယ်။

ဒီလက်နက်မှုပြီးရင် ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတာကို ဆက်လက်စစ်ဆေးမှာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးကို နေပြည်တော်လေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တဲ့အတွက် ဒီအမှုကို စစ်ဆေးနေတာ တစ်နှစ်ခွဲကျော် အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

စွဲချက်တင်ထားတဲ့ ၁၄ မှုအတွက် တရားခံပြသက်သေ စုစုပေါင်း ၉၀ နီးပါးကို စစ်ဆေးဖို့ရှိပြီး ဒီနှစ် အကုန်လောက်မှာ အမှုကို အပြီးသတ်စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

တရားလိုပြသက်သေ ၂၀၀ ကျော်အထိ အပြီးသတ် စစ်ဆေးခဲ့ပြီး လက်ရှိမှာ တရားခံပြ သက်သေတွေကို ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။

စွဲဆိုထားတဲ့ အထဲမှာ မူးယစ် ဥပဒေ၊ လက်နက်ဥပဒေ ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

ရန်ကုန်မြို့ သာကေတမြို့နယ်က ACE ကုမ္ပဏီ အဆောက်အအုံနဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ရပ်ကွက်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးတွေကို တေ့ွရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။