ပအိုဝ်းနဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား


2014.08.30
ssa-soldiers-305.jpg ရှမ်းပြည်တပ်မတော် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ်
(Photo: AFP)

ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိန်းချုပ်နယ်မြေ သတ်မှတ်တာနဲ့ပတ်သက်ပြီး အငြင်း ပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေ အနေရောက်နေတယ်လို့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက  ပြောကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသ မှာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ PNLA အဖွဲ့ က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းကထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါ တယ်။  ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA)  တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ခွန်မြင့်ထွန်းက "ကျနော်တို့က ဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေလုပ်တာ RCSS သူ့ထိန်းချုပ် နယ်မြေဆိုပြီး တိုက်မလို့ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေ၊ အဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကို သူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာရောက်ရှိနေတဲ့  SSA တောင်ပိုင်းက တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှမှတ်ချက်မပေးလိုသေးပါဘူး၊ အခုထိ ကျနော်တို့ ညှိနေတဲ့ အခြေအနေပဲရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေကအရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူတို့ကိုပေးတယ်ဆိုတာ ကျနော်တို့ကိုလည်း ဘာမှတိုင်ပင်တာ မရှိပါဘူး၊ ကျနော်တို့ နှစ်ဖက်ညှိနေကြတယ်"

ဒီပြဿနာနဲ့ပတ်သက်ပြီး UNFC ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကိုတင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်းပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခွန်မြင့်ထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။