PNLO နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒီသီတင်းပတ်မှာ ဆွေးနွေးမည်
2012.08.19
အဲဒီ တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အခုလို ပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ကျွန်တော်တို့လည်း ရေးသားထားတာ ရှိပါတယ်။ အဲဒါတွေကို ဆွေးနွေးပွဲ စားပွဲပေါ်ရောက်မှ သူ့ဘက်ကိုယ့်ဘက် တင်ပြတဲ့ အဆိုတွေကို ညှိနှိုင်းပြီးမှ သဘောတူညီချက် ဖြစ်လာမှာကိုး။"
PNLO ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနဲ့ အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံဖို့ ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ က သွားရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံချိန်မှာ နယ်မြေကိစ္စနဲ့ PNLO တပ်ဖွဲ့ဝင်တွေ အခြေချ နေထိုင်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။