မြန်မာနိုင်ငံ ကဗျာဆရာများအသင်း

“မြန်မာနိုင်ငံ ကဗျာဆရာများအသင်း” ဖြစ်မြောက်ရေး ကော်မီတီကို မြန်မာ ကဗျာဆရာတွေ စုပေါင်းပြီး ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

2011.12.09

ရန်ကုန်မြို့ “ပေါ်ပြူလာ” သတင်းဂျာနယ်တိုက်မှာ ကျင်းပတဲ့ နာမကျန်းဖြစ်နေတဲ့ ကဗျာဆရာတွေကို ထောက်ပံ့ငွေ လှူဒါန်းပွဲမှာ ဖွဲ့စည်းလိုက်တာလို့ မြန်မာနိုင်ငံ ကဗျာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မီတီကိုယ်စား ပိတောက်ပွင့်သစ် အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီက ပြောပါတယ်။

“ကဗျာဆရာတွေကို ကိုဇာဂနာတို့က ကူညီတဲ့ငွေ ပေးရင်းနဲ့ အဲဒီပွဲမှာပဲ ဖွဲ့လိုက်တာ။ ဇာဂနာ၊ မိုက်တီး၊ ငြိမ်းအေးအိမ်၊ စမ်းချောင်းကိုကိုကြီးနဲ့ ကဗျာဆရာ မြေမှုန်လွင်တို့ ပေါင်းပြီးတော့ တသိန်းငါးသောင်း၊ မကျန်းမာတဲ့လူတွေကို ကူညီဖို့ လှူဒါန်းတာပေါ့။ အဲဒီငွေတွေကို မန္တလေးက မကျန်းမာတဲ့ ကဗျာဆရာ ပိုင်စိုးဝေကို ချက်ခြင်းပဲ လှူလိုက်တယ်”

လောလောဆယ်မှာ အသင်းဖြစ်မြောက်ရေး ကော်မီတီပဲ ပဏာမ အဆင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ ကဗျာဆရာများအသင်း ရယ်လို့ ပီပီပြင်ပြင် တရားဝင် ဖွဲ့စည်းခွင့် ရရှိအောင် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်ရမယ်လို့လည်း ကဗျာဆရာ မောင်စိမ်းနီက ပြောပါတယ်။

ကဗျာဆရာအသင်း တရားဝင် ဖွဲ့စည်းပြီးသွားရင် မြန်မာကဗျာ ဖွံ့ဖြိုးရေး၊ ကဗျာဆရာတွေရဲ့ သာရေးနာရေး၊ ကဗျာရွတ်ပွဲ၊ ကျန်းမာရေး စတာတွေ ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ကဗျာဆရာ ကွန်စစ်ကောင်းက ပြောပါတယ်။

“ကဗျာစာအုပ်ကလေးတွေ ထုတ်ပေးမယ်၊ ကဗျာတွေထဲက ကြိုက်နှစ်သက်တဲ့ ကဗျာလေးတွေကို ကဗျာဆုလေးတွေ ပေးမယ်၊ စသဖြင့် လုပ်ငန်းလေးတွေ ပါတာပေ့ါ”

နောက်ပိုင်းမှာ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖွဲ့စည်းပြီး အသင်းအဖွဲ့ ပုံသဏ္ဍာန်နဲ့ စည်းစနစ်တကျ မြန်မာကဗျာ ဖွံ့ဖြိုးရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာမဂ္ဂဇင်း စာမျက်နှာတွေမှာ ရှေ့တန်းက ဖော်ပြခံရတဲ့ မြန်မာကဗျာတွေဟာ စာပေစိစစ်ရေးက သေသေချာချာ စိစစ်ပြီးမှ ဖော်ပြခွင့်ရတာပါ။

အစိုးရသစ် လက်ထက်မှာ စာပေလွတ်လပ်ခွင့် အတော်အတန် ရလာပြီး ကဗျာတွေကိုလည်း အရင်ကထက် စိစစ်ရေးက ဖော်ပြခွင့်ပြုပေမယ့် အတိုင်းအတာ တခုအထိပဲ ပုံနှိပ်ခွင့် ရသေးတယ်လို့ ကဗျာဆရာတွေနဲ့ အယ်ဒီတာတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။