MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်


2019.02.21
kyawzinlatt-mdcf-622.jpg ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးဖို့ ဆန္ဒပြတဲ့ MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ် ကို ၂၀၁၉ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ဒီကနေ့မနက်ပိုင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF အဖွဲ့ဝင်အင်အား ၅၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။

ဦးဆောင်ဆန္ဒပြတဲ့ MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ်ကို ရဲတပ်ဖွဲ့က ညှိနှိုင်းမယ်ဆိုပြီး ရဲအချုပ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

MDCF အဖွဲ့ဝင်တွေက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြဖို့ ရန်ကင်းမြို့နယ် ရဲစခန်းကို ခွင့်ပြုဖို့ အကြောင်း ကြားပေမယ့် ရဲစခန်းကဟစ်တိုင်မှာသာ ဆန္ဒပြဖို့ ပြန်လည်အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူဦးရေ ၆ သန်းကျော်ကို မဲစာရင်းလိမ်လည်လှည့်ဖျားပြီး အတည်ပြုပြဌာန်းထား တာဖြစ်လို့ အခုလို ဆန္ဒပြတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအနေနဲ့လည်း ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀ ကို ချိုးဖောက်ခြင်းကြောင့် နုတ်ထွက်ပေးဖို့ ဆန္ဒပြရတာဖြစ်တယ်လို့ MDCF အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကနေ့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုခံထားကတဲ့ MDCF အင်အားစုခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကင်းမြို့နယ်တရားရုံးမှာ ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမယ့်နေ့ဖြစ်ပါတယ်။

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀ က ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးခံရသူက အသာတကြည် ဖမ်းဆီးခံရင် လိုအပ်သည်ထက် ပိုမိုတင်းကြပ်စွာ ချုပ်နှောင်မထားရလို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။