ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ ရုပ်သိမ်းရန် အစီအစဉ်မရှိ
2015.03.09
လက်ပံတန်းမြို့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ၂ဝ၁၅ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်း ကို တားဆီးပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ အစီအစဉ်မရှိကြောင်း ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ပြောတယ်လို့ သိရပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် NNER အဖွဲ့ဝင်တွေက ဒီနေ့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသက်ထွန်းနဲ့ သွားရောက်တွေ့ဆုံရာမှာပြောလိုက်တာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။
"မနေ့က ကျောင်းသားတွေထုတ်ထားတဲ့ ကြေညာချက် နဲ့ပတ်သက်ပြီး ဝန်ကြီးက စိုးရိမ်တဲ့သဘောရှိတာပေါ့၊ ရှိတော့ ကျနော်တို့ကို တွေ့ချင်တယ်လို့ပြောတာနဲ့ ကျနော်တို့လည်း ဝန်ကြီးနဲ့ဝင်တွေ့တာပေါ့၊ ကျောင်း သားတွေကို ဖြောင်းဖျပေးဖို့ သူကအဲ့လိုပြောတာပေါ့၊ ပိတ်ဆို့ပေးထားတာ ဖယ်ရှားပေးဖို့ သူ့အနေနဲ့မရှိဘူး၊ သူတို့တွေကတော့ ပြည်ထဲရေးရဲ့အမိန့်ကို နာခံရတယ်ဆိုတဲ့အကြောင်းပဲပြောတယ်၊ ပြီးတော့ ကျောင်း သားတွေပြန်ချင်တယ်ဆိုရင် သူတို့အိမ်ပြန်ပို့ပေးမယ်၊ ကားစီစဉ်ပေးမယ်ပေါ့"
ကျောင်းသားသပိတ်ကို တားဆီးထားတဲ့ ရဲတပ်ဖွဲ့ကို မနက်ဖြန်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ကျောင်းသားသပိတ်က မနေ့က အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို အစိုးရဘက်က ဆွေးနွေးညှိနှိုင်းဖို့ လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေက လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ လမ်းလျှောက်ချီတက်ခွင့်ပြုဖို့၊ သာယာဝတီကနေ ရန်ကုန်ကို ကားတွေနဲ့ ဆက်လက်ထွက်ခွာခွင့်ပြုဖို့၊ အဲဒီကားတွေမှာ ကျောင်းသားသမဂ္ဂ ခွပ်ခေါင်းအလံတွေ လွှင့်ထူခွင့်ပြုဖို့၊ ကျောင်းသားသီချင်းတွေ ဖွင့်ခွင့်ပြုဖို့နဲ့ ရန်ကုန်ရောက်တဲ့အခါ ရွှေတိဂုံဘုရား ရင်ပြင် သို့မဟုတ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက သမဂ္ဂမြက်ခင်းပြင်မှာ အခမ်းအနားကျင်းပခွင့်ပြုဖို တို့ ဖြစ်ပါတယ်။
လက်ပံတန်းမြို့မှာ တားဆီးခံထားရတဲ့ သပိတ်စစ်ကြောင်းဟာ ထိုင်သပိတ်နဲ့ ဆန္ဒပြနေတာ ဒီနေ့ ဆိုရင် ၈ ရက်ရှိပြီဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။
NNER ကိုယ်စားလှယ် ကိုစိုးထွန်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။









