ကိုစိုးမိုးထွန်း အသတ်ခံရမှုမှာ သံသယရှိသူ နှစ်ဦး ကို ပြန်လွှတ်ပေး


2017-01-02
Share
soemoe-eleven-620.jpg Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှု အမြန်ဆုံးပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့စဉ်
Photo: Aung Thain Kha/RFA

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ KTV ဆိုင်ဝန်ထမ်း နှစ်ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ မလုံလောက်တာကြောင့် ခံဝန်နဲ့ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောပါတယ်။

"လောလောဆယ်ကတော့ ကျနော်တို့ စစ်ဆေးစုံစမ်းချက်အရ အားနည်းတယ်ပေါ့နော်၊ သူ့ရဲ့အထောက် အထားတွေအရ လူသတ်မှုနဲ့ တရားစွဲတင်ဖို့ အားနည်းတာ၊ သူတို့ကို ခံဝန်နဲ့ပြန်ပြီးတော့မှ လွှတ်မယ့် အနေအထားရှိပါတယ်ခင်ဗျ။ "

အဲဒီ KTV ဆိုင်ဝန်ထမ်း ၂ ဦးကို ချုပ်မိန့်ရမန်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုစိုးမိုးထွန်းဟာ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ မှောက် လျက် သေဆုံးနေတာဖြစ်ပြီး မုံရွာမြို့မ ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို အမှုမှန်ဖော်ထုတ်နိုင်ဖို့အတွက် တိုင်း၊ ခရိုင် နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သံသယရှိသူတွေကို စစ်ဆေးနေတာဖြစ်တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့