ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို မနေ့က ကန့်ကွက်ဆန္ဒပြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက သတင်းထောက်တစ်ဦးအပါအဝင် ရွာသား ၁၄ ယောက်ကို ရဲတပ်ဖွဲ့က မြို့နယ်ရဲစခန်းမှာ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပုဒ်မ - ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ - ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ- ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာလို့ ရွာသားတွေရဲ့ အရင်အမှုတွေမှာ လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ကိုစည်သူက ပြောပါတယ်။
Channel Mandalay TV သတင်းထောက် တစ်ယောက်နဲ့ ရွာသား ၂ ယောက်ကို မနေ့က ဖမ်းဆီးပြီး ပုသိမ်ကြီးရဲစခန်းမှာ ချုပ်ထားပါတယ်။ ဒီနေ့မနက်မှာတော့ အောင်သပြေရွာသား နှစ်ဦးကို ထွေအုပ်ရုံးက ဆွေးနွေးစရာရှိတယ်လို့ ခေါ်ဆောင်ကာ ပုသိမ်ကြီးစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံ ဦးရွှေအုန်းက ပြောပါတယ်။ လက်ရှိ အောင်သပြေရွာကိုလည်း ရဲတပ်ဖွဲ့က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ရွာသား ၁၄ ဦး အမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီး ပုသိမ်ကြီးရဲစခန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မေ ၁၄ ရက်နေ့က ဘိလပ်မြေစက်ရုံသုံး မော်တော်ယာဉ်တွေ ကျေးရွာလမ်းကို အသုံးမပြုနိုင်အောင် ဆန္ဒပြ ရွာသားတွေက ပိတ်ဆို့ဆန္ဒပြခဲ့ရာကနေ မေ ၁၅ ရက်နေ့မနက်မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ ရွာသား အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ်သုံး လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် ဝင်းဗိုလ်က ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ အဆင့်အတိုင်း ကိုင်တွယ်ဖြေရှင်းတာဖြစ်ကြောင်း၊ ဒီလိုကိုင်တွယ်ဖြေရှင်းတာဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံသူ ဘယ်သူကိုမဆို ကာကွယ်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
အောင်သပြေရွာသားတွေ ကန့်ကွက်နေတဲ့ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဟာ ရွာနဲ့ကပ်လျက်မှာရှိတာဖြစ်ပြီး အရင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။