ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

2012-08-29
Share

သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။

သေမှုသေခင်းနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က RFA ကို အတည်ပြု ပြောကြားပါတယ်။

"တွေ့တဲ့အချိန်ကတော့ ၁၅း၃၀ ဗျ။ သူ့ဟာသူ ရှို့သလား၊ ဒါမှမဟုတ် သူများရှို့သလား။ ဒါကမသိသေးဘူး။ မသိသေးဘူးဆိုတာ ဆရာဝန်ကြီးရဲ့ မူခင်းသုံးသပ်ချက်က ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ဒီနေ့မှ ခွဲစိတ်တာ ဆိုတော့လေ။ ဆရာဝန်ကြီးရဲ့ မှတ်ချက်လာရင်တော့ တော်တော်လေး ပြောလို့ရတယ်ဗျ။ ဆရာဝန်ကြီးကိုယ်တိုင်ကို သူကိုယ်သူ ရှို့သလား ဒါမှမဟုတ် တခြားသူ ရှို့သလား ဒါကပြောလို့မရဘူး။ သူက ဘာလို့လဲဆို မီးလောင်ကျွမ်းမှုကြောင့် နံပါတ်တစ် သေသည်။ နောက်တခါ မီးလောင်ခံရစဉ် အသက်ရှိသည်။ မီးလောင်ခံရစဉ် အသက်ရှိသည်ဆိုတဲ့ အခါကျတော့ သေပြီးမှ သတ်ပြီးမှ ရှို့တာမျိုး မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတော့ ပေါ်တာပေါ့ဗျာ။ ဘာကြောင့်သေသလဲ ဆိုတာ သေမှု သေခင်း ဖွင့်ထားတယ်။ ပျဉ်းမနား ရဲစခန်း အမှတ်စဉ် ၃၆၊ ၂၀၁၂ ပါ"

အမည်မဖော်လိုသူ ရဲဝန်ထမ်းတချို့နဲ့ ဒေသခံ တချို့ကတော့ ရဲအုပ် ဝင်းမင်းသန့်ဟာ မိမိကိုယ်ကို မီးရှို့ သတ်သေသွားတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ သေဆုံးသူ ရဲအရာရှိရဲ့ ရုပ်အလောင်းကို နေပြည်တော် ခုတင် (၁၀၀၀) ဆန့် ဆေးရုံမှာ လောလောဆယ် ထားရှိပြီး သက်ဆိုင်ရာ မှုခင်းဆရာဝန်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အခုလို ရဲတပ်ဖွဲ့ အရာရှိတစ်ဦး ပထမဦးဆုံး ကိုယ့်ကိုကိုယ် မီးရှို့အဆုံးစီရင် သွားတယ်လို့ ယူဆရတဲ့ မှုခင်းဖြစ်တဲ့အတွက် ဒေသခံတွေကြားမှာ အထူးတလည် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။