ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက် ပုံ ပြောင်းလဲဖို့ တိုက်တွန်း


2014.09.29
police-305.jpg ဥရောပသမဂ္ဂက လေ့ကျင့်ပေးခဲ့တဲ့ လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်သားများကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ ကို ပြောင်းလဲဖို့လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက် ပုံ ပြောင်းလဲရန် လိုအပ်ကြောင်းကို ယခင်ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်း၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့ဖြစ်ရပ်များ က ညွှန်ပြခဲ့ပါသည်၊ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားပြီး ပြည်သူလူထုကို ကာကွယ်ပေးသည့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်သည် ဒီမိုကရေစီနိုင်ငံများ အတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်၊ ရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေးသည် တရားဥပဒေ စိုးမိုးရေးကို အခြေခံသည့် ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်"

ကော်မတီအစီ်ရင်ခံစာမှာ တရားရုံးတွေကို စောင့်ကြည့်လေ့လာဖို့အတွက် လွတ်လပ်မှုရှိတဲ့အဖွဲ့တွေ ဖွဲ့စည်းဖို့လိုအပ်ကြောင်းနဲ့ လယ်ယာမြေအမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က မလိုက်နာကြောင်းလည်း ဖော်ပြပါရှိပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို တစ်နှစ်အတွင်း တရားစီရင်ရေး၊ လယ်ယာမြေ၊ အုပ်ချုပ်ရေး၊ တပ်မတော် စတာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ခုနစ်ထောင်ကျော် ရောက်ရှိနေကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အဲ့ဒီကော်မတီဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။