NVC ကတ်ကိစ္စ ဆန္ဒပြပွဲဦးဆောင်သူ ငြိမ်းစုစီဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရ

2018-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ခံရတဲ့ ဒေါ်ဖြူဖြူသန်း ကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ကတွေ့ရစဉ်
ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ခံရတဲ့ ဒေါ်ဖြူဖြူသန်း ကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရကထုတ်ပေးနေတဲ့ NVC ကတ်ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ ဦးဆောင် သူ ဒေါ်ဖြူဖြူသန်း ကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ မနေ့ကအမှုဖွင့်လိုက်ပါတယ်။

ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ဥပဒေလမ်းကြောင်းကပဲ ရင်ဆိုင်သွားမယ်လို့ အမှုဖွင့်ခံထားရတဲ့ ဒေါ်ဖြူဖြူသန်း က ပြောပါတယ်။

"သူတို့ရဲ့လမ်းကြောင်းအတိုင်းလည်း ကျမတို့ သွားတယ်။ ခွင့်ပြုမိန့်ကျလို့ ကျမတို့ ဒီဆန္ဒကို ပြတယ်။ ကျမတို့မှာ ဘာမှ ဒီအစိုးရကို တော်လှန်ခွင့်လည်း မရှိဘူး။ ပုန်ကန်ခွင့်လည်း မရှိဘူး။ သူတို့က တရားစွဲလို့ရှိရင် ကျမတို့က ဒီဆန္ဒ ထုတ်ဖော်တာတွေကို ရပ်သွားမှာလားလို့ သူတို့ထင်ချင်ထင်မှာပေါ့နော်။ ဒါပေမဲ့ ကျမတို့က ရှေ့ကိုဆက်ပြီး တော့ ရင်ဆိုင်မယ်။ တရားရင်ဆိုင်မယ်။ တရားရင်ဆိုင်ပြီးတော့ ကျမတို့ မဟုတ်တာမြင်ရင် ကျမတို့လည်း ရှေ့ဆက်ပြီးတော့ ဆန္ဒထုတ်ဖော်မှာပဲ"

စစ်တွေမြို့မှာ ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံရဲ့ဥပဒေကိုလေးစားပါ၊ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေးစတဲ့ အချက်တွေကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ခွင့်ပြုချက်မှာမပါဝင်တဲ့ အသံချဲ့စက်လော်စပီကာတွေ အသုံးပြုခဲ့သလို ဟောပြာမှုတွေ ပြုလုပ် ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှတ်(၂)ရဲစခန်းမှာ ရဲက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဟာ ခွင့်ပြုချက်မှာ မပါဝင်တဲ့ပြုမူလုပ်ဆောင်ချက်တွေရှိရင် အရေးယူနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

မနေ့ညနေက ဆန္ဒပြပွဲ ဦးဆောင်လျှောက်ထားခဲ့တဲ့ ဒေါ်ဖြုဖြူသန်းကို အမှတ်(၂) ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတယ်လို့လည်း သိရပါတယ်။

ဆိုက်တခုလုံးသို့