နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်ဖို့ တောင်းဆို

ဝေယံမိုးမြင့်
2021-01-10
Share
နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်ဖို့ တောင်းဆို ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင် ဂိတ်ဝကို ၂၀၁၈၊ ဇန်နဝါရီ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ နှစ်ဖွဲ့က အစိုးရထံ တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နိုင်ငံရေးယုံကြည်ချက်အရ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ပေမယ့်လည်း အရေးယူခံရသူတွေကို ဆိုလိုတာလို့ ပြောကြားခဲ့တဲ့အပေါ် အခုလို တောင်းဆိုကြတာဖြစ်ပါ တယ်။ အစိုးရက ဦးဆောင်ပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ပေးဖို့ တိုက်တွန်းကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု မသတ်မှတ်ပေးသမျှ အငြင်းပွားနေဦးမှာပဲလို့ ပြောပါတယ်။

ဦးဇော်ဌေး ပြောတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ သတ်မှတ်ပြောဆိုချက်ဟာ လက်ရှိ ဒီမိုကရေစီ အပြောင်း အလဲနဲ့ အမျိုးသားရင်ကြားစေ့ရေးအပေါ် တစ်စုံတစ်ရာ အကျိုးမပြုနိုင်တဲ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေး ကြေညာစာတမ်းနဲ့ မကိုက်ညီဘူးလို့ ဇန်နဝါရီ ၉ ရက်နေ့က AAPP က ကြေညာချက် ထုတ်ထား ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS က ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကလည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပုံဖျက်ရာရောက်သလို နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ သွယ်ဝိုက်ငြင်းဆိုရာရောက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ တစ်သီးပုဂ္ဂလတွေ စုပေါင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အနီးစပ်ဆုံး ကိုက်ညီအောင် သတ်မှတ်ခဲ့ကြပါတယ်။

AAPP က ၂၀၂၀ နှစ်ဆန်းကနေ နိုဝင်ဘာလကုန်အထိ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား အယောက် ၅၉၀ ရှိပြီး အဲဒီထဲမှာ ထောင်ကျခံနေရသူ ၃၅ ယောက်၊ ထောင်ထဲကနေ တရားရင်ဆိုင်နေရသူ ၁၉၉ ယောက်နဲ့ အပြင်ကနေ တရားရင်ဆိုင်နေရသူ ၃၅၆ ယောက်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့