ကျဆုံးနိုင်ငံရေး အကျဉ်းသားတွေအတွက် သရက်မှာ အမှတ်တရ ကျောက်တိုင်စိုက်မယ်


2016.10.06

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်စူးပြီး သရက်မြို့မှာ အမှတ်တရကျောက်တိုင်တွေ စိုက်ထူဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စီစဉ်နေပါတယ်။

သရက်ထောင်မှာ ကျဆုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ရှိပြီး သူတို့အတွက် အမှတ်တရ ကျောက်တိုင်စိုက်ဖို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ကူညီမယ်ဆိုပြီး နှုတ်ကတိပေးထားတယ်လို့ သရက်အကျဉ်းထောင် က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်စိုး က ပြောပါတယ်။

"ကျွန်တော်တို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တွေ့တဲ့အချိန်မှာ ဆရာရေ ဒီလိုတော့ ကျွန်တော်တို့က လုပ်ချင်ပါတယ်ဆိုတော့ ဆရာက ကောင်းပါတယ်တဲ့၊ လုပ်သင့်တဲ့အရာပဲ၊ လုပ်ရမှာပါတဲ့၊ သူတို့အတတ်နိုင်ဆုံးကူညီမယ်လို့ နှုတ်ကတိနဲ့ပေးပါတယ်၊ အခု ကျွန်တော်တို့ သရက်ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားအနေနဲ့ ကျဆုံးခဲ့သူစာရင်း ၆ ဦး ရပါတယ်"

နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့ရတာတွေနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ခံ ရတာမျိုးတွေ သိပ်မတွေ့ရတာကြောင့် အခုလို စီစဉ်ဖြစ်တာဖြစ်တယ်လို့ ကိုကျော်စိုး က ပြောပါတယ်။

အမှတ်တရကျောက်တိုင် စိုက်ထူဖို့ကိစ္စကို သရက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်း သားဟောင်းတွေနဲ့ မြို့မိမြို့ဖတွေ စုပေါင်းပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတ္ထုပ္ပတ္တိနဲ့ ဘာ့ကြောင့်သေဆုံးခဲ့ရသလဲ ဆိုတာတွေကိုပါ ရေးသားနိုင်အောင် စဉ်းစားထားပြီး ရရှိလာမယ့် မြေနေရာအပေါ် မူတည်ကာ စိုက်ထူမယ့် ပုံစံတွေကို အသေးစိတ်ထပ်မံဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေအလိုက် လုပ်ဆောင်သွားဖို့ကိုလည်း တိုက်တွန်းသွားမယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။